သန်လျင်မြို့နယ် ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှု သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
သြဂုတ် ၃၁ ရက် ၊ နံနက် ၁၀ နာရီခန့်တွင် ဆီဘောက်ဆာယာဉ်တစ်စီးသည် ကုလားဝဲတံတား (ဒဂုံဆိပ်ကမ်းမြို့နယ်) ဘက်မှ မောင်းနှင်လာခဲ့ကြောင်း ၊ ယင်းသို့ မောင်းနှင်လာစဉ် သန်လျင်ဘက်ခြမ်းအရောက်တွင် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
“သန်လျင်ဘက် အဆင်းမှာ ဖြစ်တာ။ ဖြစ်ဖြစ်ပြီးချင်း မီးသတ်နဲ့ အခြားအဖွဲ့တွေ လာရောက် ကူညီပေးပါတယ်” ဟု အခင်းဖြစ်နေရာအား သွားရောက်ကူညီပေးသည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိမ်းမှောက်ခဲ့သည့်ယာဉ်မှာ ဆီဘောက်ဆာယာဉ်ဖြစ်သဖြင့် ဆီယိုစိမ့်ကာ မီးလောင်ကျွမ်းမှု မရှိစေရန် မီးသတ်တပ်ဖွဲ့မှ FOAM အမြှပ်ဆေးရည်ဖြင့် ကြိုတင်ဖုံးအပ် ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။















