COVID-19 တတိယလှိုင်းနဲ့ အသွားအလာကန့်သတ်မှုများအောက်က ရုန်းကန်နေရတဲ့ မန္တလေးမြို့

COVID-19 တတိယလှိုင်းနဲ့ အသွားအလာကန့်သတ်မှုများအောက်က ရုန်းကန်နေရတဲ့ မန္တလေးမြို့
မန္တလေးမြို့တွင် COVID-19 ကူးစက်သေဆုံးသူအား သဂြုႋဟ်ရန် သယ်ဆောင်လာစဉ် (ဓာတ်ပုံ-ပရဟိတမင်းခေါင်အသင်း)
မန္တလေးမြို့တွင် COVID-19 ကူးစက်သေဆုံးသူအား သဂြုႋဟ်ရန် သယ်ဆောင်လာစဉ် (ဓာတ်ပုံ-ပရဟိတမင်းခေါင်အသင်း)
Published 22 August 2021
ဌေးလှအောင်

(၁)

မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလ စတင်ကြုံတွေ့ခဲ့ရတာက ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လမှာ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါဖြစ်ပွားသူဦးရေ အဆမတန်မြင့်တက်ခဲ့တဲ့အပြင် သေဆုံးသူဦးရေဟာလည်း နေ့စဉ်လိုလို မြင့်တက်ခဲ့ပါတယ်။ မန္တလေးမြို့မှာ ကြုံတွေ့နေရတဲ့ COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလဟာ ယခင်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတို့နဲ့ ကွာခြားသွားတာကြောင့် ရောဂါဖြစ်ပွားသူလူနာတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလ စတင်ချိန်က ရောဂါဖြစ်ပွားသူများအနေဖြင့် အောက်ဆီဂျင်မလုံလောက်မှု၊ အောက်ဆီဂျင်အိုးနှင့် အရည်စျေးမြင့်တက်မှု၊ ဆေးဝါးနှင့် ဆေးပစ္စည်းရှားပါးမှု၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးအဆမတန် မြင့်တက်မှုစတဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားသူလူနာဦးရေ မြင့်တက်ခဲ့တဲ့အပြင် ဆေးရုံဆေးခန်းတွေ တက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် မိမိရဲ့နေအိမ်တွေမှာပဲ အဆင်ပြေသလို ဆေးဝါးကုသခဲ့ရတာတွေရှိခဲ့ပြီး အောက်ဆီဂျင် သွားရောက်တန်းစီရတဲ့ အခက်အခဲပြဿနာတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

COVID-19 ကပ်ရောဂါဖြစ်ပွားပြီး နေအိမ်မှာဆေးဝါးကုသမှု ခံယူခဲ့ရသူတွေမှာလည်း အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ဆရာဝန်ခေါ်မရတာ၊ စျေးနှုန်းကြီးပြီးခေါ်မရတာ၊ သူနာပြုငှားရမ်းခစျေးနှုန်း အဆမတန်စျေးမြင့်တက်တာစတဲ့ ဆရာဝန်ရှားပါးတဲ့ ပြဿနာတွေနဲ့လည်း ကြုံတွေ့ခဲ့ကြရပါတယ်။ မန္တလေးမြို့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံအချို့မှာ COVID-19 လူနာတွေကို ကုသမှုပေးနေသော်လည်း တန်းစီစောင့်ဆိုင်းနေရင်း သေဆုံးသွားတာစတဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ အချို့လူနာတွေမှာတော့ ဖုန်းမှတစ်ဆင့် ဆရာဝန်ကို ပြသကြရတာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဟာ မန္တလေးမြို့အတွက် COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး ခက်ခဲစွာရုန်းကန်ခဲ့ရတဲ့လတစ်လဖြစ်ခဲ့ရပြီး ကြေကွဲဝမ်းနည်းဖွယ်ရာတွေနဲ့လည်း ပြည့်နှက်နေခဲ့ရတဲ့ လတစ်လလို့ ဆိုရမှာပါ။ မန္တလေးမြို့ခံ စာပေပညာရှင်အချို့နဲ့ အနုပညာရှင်အချို့အပါအဝင် ချစ်ခင်ရတဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ မိသားစုဝင်တွေစတဲ့ COVID-19 ကပ်ရောဂါကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေ အများအပြားရှိခဲ့ပါတယ်။

(၂)

လက်ရှိအချိန်မှာ မန္တလေးခရိုင်အတွင်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှုန်းက သြဂုတ်လ ဒုတိယပတ်ခန့်ကစတင်ပြီး တဖြည်းဖြည်းကျဆင်းလို့လာနေသလို သေဆုံးမှုနှုန်းကလည်း တဖြည်းဖြည်း ကျဆင်းလာနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေနဲ့ လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ စုံစမ်းသိရပါတယ်။ သို့သော် ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေကတော့ ဆက်လက်တည်ရှိနေဆဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က အောက်ဆီဂျင် မလုံလောက်မှု ပြဿနာကလည်း ဖြည်းဖြည်းပြေလည်လာပြီဖြစ်ပြီး လူမှုကူညီရေးအသင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအသင်းအဖွဲ့များကလည်း အောက်ဆီဂျင်ပေးဝေလျက်ရှိကာ အောက်ဆီဂျင်စက်ရုံအချို့ တည်ဆောက်နေသလို အချို့စက်ရုံတွေက စတင်လည်ပတ်နေပြီဖြစ်ကာ အောက်ဆီဂျင်ပေးဝေဖြန့်ဖြူးနေပြီလည်း ဖြစ်ပါတယ်။

ဆေးဝါးနဲ့ ဆေးပစ္စည်းစျေးကွက်အတွင်းမှာလည်း ယခင်လိုဆေးဝါးနဲ့ ဆေးပစ္စည်းရှားပါးမှုနဲ့ စျေးနှုန်းမြင့်တက်မှု နည်းပါးခဲ့ပြီဖြစ်ပြီး ဆေးဝါးနဲ့ဆေးပစ္စည်းအချို့လည်း စျေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။ COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး အများဆုံးအသုံးပြုနေရတဲ့ အောက်ဆီဂျင်အိုးနဲ့ အောက်ဆီဂျင်အရည် Flow Meter စတဲ့ အောက်ဆီဂျင်နဲ့ဆက်စပ်ပစ္စည်းတွေလည်း စျေးနှုန်းလျော့ကျသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်တိုင်းတာရတဲ့ Oximeter စက် တွေလည်း စျေးနှုန်းလျော့ကျသွားခဲ့ပြီဖြစ်ပါတယ်။

“အောက်ဆီဂျင်ကတော့ ကျွန်တော်တို့အသင်းက စက်ရုံကနေ နေ့စဉ်ထုတ်ပေးနေပါပြီ။ အရင်ကလောက်တော့ အောက်ဆီဂျင်အခက်အခဲသိပ်မရှိတော့ပါဘူး။ လက်ရှိမှာတော့ မန္တလေးမှာက COVID-19 ဖြစ်ပွားမှုလျော့ကျလာတယ်လို့ပြောလို့ရပါတယ်။ သေဆုံးနှုန်းကလည်း ပြီးခဲ့တဲ့ဇူလိုင်လကလောက် မများတော့ဘူး လျော့ကျလာနေပါတယ်။ အောက်ဆီဂျင်အိုးတွေလည်း စျေးကျနေပါပြီ” ဟု လူမှုကူူညီကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လနဲ့ နှိုင်းယှဉ်ကြည့်ပါက COVID-19 ကပ်ရောဂါဖြစ်ပွားသူဦးရေနဲ့ သေဆုံးသူဦးရေဟာ သြဂုတ်လအတွင်းမှာ လျော့ကျလာပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းအပါအဝင် လူမှုကူညီကယ်ဆယ်ရေး ပြုလုပ်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားသူဦးရေနဲ့ သေဆုံးသူဦးရေဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေထက် ပိုမိုများပြားနေပါတယ်။ ဘာကြောင့်ဆို ဆေးရုံတက်ရောက်ခွင့်မရလို့ မိမိနေအိမ်မှာပဲ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသွားကြရတဲ့ လူနာအရေအတွက်ကလည်း အများအပြားရှိနေတာကြောင့် ဖြစ်ပါတယ်။

“ကျွန်တော့် အဖေက ပြီးခဲ့တဲ့ ဇူလိုင်လက COVID-19 ကပ်ရောဂါဖြစ်တယ်။ အောက်ဆီဂျင်ကျလို့ အောက်ဆီဂျင်ပေးရတယ်။ အောက်ဆီဂျင်ကလည်း သွားပြီးတော့တန်းစီရတယ်။ လိုသလောက်မရဘူး။ ဆေးရုံလည်း တက်ခွင့်မရတော့ ကိုယ့်အိမ်မှာပဲ အဆင်ပြေသလိုကုသခဲ့ရတယ်။ ဆရာဝန်လည်းခေါ်လို့ အဆင်မပြေပါဘူး။ လုံလောက်တဲ့ဆေးဝါး ကုသခွင့်မရတော့ နောက်ဆုံးတော့ အဖေဆုံးသွားတယ်” ဟု နေအိမ်မှာ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့ရသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဆေးရုံတက်ရောက် ကုသခွင့်ရရှိသူများမှာလည်း ဆရာဝန်မလုံလောက်သည့် အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရပါတယ်။

“ကျွန်တော့်အမေက COVID ဖြစ်တာ ဆေးရုံတက်မှ အဆင်ပြေမှာဖြစ်တာကြောင့် ဆေးရုံတက်ခွင့်ရဖို့ ကြိုးစားပြီးတော့ ဆေးရုံတက်ခွင့်ရခဲ့တယ်။ အိမ်မှာပဲကုနေရင် အောက်ဆီဂျင်ကတော့ သွားတန်းစီရတာနဲ့ အခက်အခဲဖြစ်နိုင်တယ်။ ဆေးရုံမှာကတော့ အောက်ဆီဂျင်အဆင်ပြေတယ်လို့ ပြောရမယ်။ လိုရမည်ရ အရန်တော့ ဆောင်ထားရတာပေါ့။ ဆေးရုံမှာက ဆရာဝန်အခက်အခဲတော့ ရှိတာပေါ့။ ရှိတဲ့ဆရာဝန်နဲ့ ကုရတယ်။ ဆရာဝန်နည်းတော့ ဆေးထိုးချိန်တွေဆိုရင် အခက်အခဲကြုံရတယ်။ ဆရာဝန်က အမြဲလာမကြည့်နိုင်တော့ တစ်ခါတလေမှာ ပုံမှန်ဆေးထိုးရမယ့်အချိန်ကျရင် ဆေးထိုးတတ်တဲ့သူက ဆေးထိုးပေးရတယ်” လို့ အစိုးရဆေးရုံတစ်ခုသို့ တက်ရောက်ကုသခဲ့သူတစ်ဦးက ဆိုပါတယ်။

(၃)

မန္တလေးခရိုင်အတွင်း COVID-19 ကပ်ရောဂါထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက Stay at Home မြို့နယ်များအဖြစ် ပြီးခဲ့တဲ့ဇူလိုင်လက ကြေညာထားခဲ့ပြီးနောက်မှာ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေကို စျေးဝယ်ခွင့်နဲ့ အပြင်ထွက် သွားလာခွင့်တွေကို သြဂုတ် ၁၆ ရက် ကစတင်ပြီး သြဂုတ် ၂၉ ရက်အထိ မန္တလေးတိုင်းဒေသကြီအစိုးရအဖွဲ့က ထပ်မံကန့်သတ်လိုက်ပါတယ်။

နေအိမ်ပြင်ပထွက်ပြီး စျေးဝယ်ခွင့်ကို နံနက် ၄ နာရီမှ ၉ နာရီအထိ၊ မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ သတ်မှတ်ထားပြီး ကျန်အချိန်များကို အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ နေအိမ်ပြင်ပသို့ထွက်ခွာခွင့်ကို ကန့်သတ်ထားပါတယ်။ နေအိမ်ပြင်ပသို့ထွက်ခွာရာမှာ စျေးဝယ်ယူခွင့်ကတ်၊ နယ်မြေဖြတ်ကျော်သွား လာခွင့်ကတ်တစ်မျိုးမျိုးကို ယူဆောင်သွားရမှာဖြစ်ပြီး ကတ်ယူဆောင်လာမှုမရှိတာကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ မန္တလေးခရိုင်အတွင်းက မြို့နယ်ငါးမြို့နယ်ကို ရက်သတ္တနှစ်ပတ် စျေးဝယ်ခွင့်နဲ့ နေအိမ်ပြင်ပထွက်ခွာခွင့်ကို တင်းတင်းကျပ်ကျပ်ကန့်သတ်ပြီး ထုတ်ပြန်ထားတာတွေ့ရပါတယ်။ စျေးဆိုင်အများစုကိုလည်း ပိတ်သိမ်းခိုင်းထားပြီး ဘဏ်၊ စက်သုံးဆီဆိုင်၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနဲ့ ဆေးဝါး ပစ္စည်းရောင်းချနေသောဆိုင်များမှအပ ကျန်ဆိုင်များအားလုံးကို ပိတ်သိမ်းခိုင်းထားပြီး လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်များကိုလည်း ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်နဲ့ရောင်းချဖို့ ကန့်သတ်ထားပါတယ်။

ဒါ့အပြင် လမ်းတွေကိုလည်း တားဆီးပိတ်ဆို့ကန့်သတ်ထားပြီး အဓိကလမ်းမကြီးတွေဖြစ်တဲ့ ၂၆ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်း၊ ၇၃ လမ်း၊ ၇၈ လမ်း၊ ၆၆ လမ်း၊ ၆၂ လမ်း၊ အရှေ့မြို့ပတ်လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ကမ်းနားလမ်းစတဲ့ လမ်းမကြီးတွေကသာ ဖြတ်သန်းသွားလာခွင့်ပြုထားပါတယ်။ မြို့နယ်ဖြတ် ကျော်လမ်းတွေကို တားဆီးပိတ်ဆို့ ကန့်သတ်ထားတာကြောင့် လမ်းအသုံးပြုသွားလာသူတွေလည်း အခက်အခဲဖြစ်ပေါ်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်ငါးမြို့နယ်ကို ရက်သတ္တနှစ်ပတ် (၁၄ ရက်ခန့်) ကန့်သတ်မှုတွေ လုပ်ထားတာကြောင့် အဆိုပါမြို့နယ်ငါးမြို့နယ်အတွင်းမှာ သက်ဆိုင်ရာက အဖွဲ့အစည်းပေါင်းစုံနဲ့ နေ့စဉ်စစ်ဆေးမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ နေအိမ်ပြင်ပထွက်ခွာသူတွေကိုလည်း နယ်မြေကျော်ကတ်မပါတာ၊ စျေးဝယ်ကတ်မပါတာ၊ အသွားအလာကန့်သတ်ထားချိန်မှာ သွားလာတာတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း စုံစမ်းသိရပါတယ်။ အဲဒီလို အသွားအလာ ကန့်သတ်ထားမှုတွေကြောင့် မြို့ခံပြည်သူတွေအနေနဲ့ အခက်အခဲဖြစ်ပေါ်နေတယ်လို့လည်း စုံစမ်းသိရပါတယ်။

ဒါ့အပြင် နေအိမ်ပြင်ပထွက်ခွာခွင့် ကန့်သတ်ထားချိန်ဖြစ်တဲ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီခွဲ အချိန်တွေမှာ အစိုးရရုံးလုပ်ငန်းတာဝန်၊ ကျန်းမာရေးနဲ့ နာရေးကိစ္စမှလွဲပြီး ကျန်ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အပြင်ထွက်ခွင့်ကန့်သတ်ထားပါတယ်။ နေအိမ်ပြင်ပသို့ထွက်ခွာခွင့် ကန့်သတ်ထားချိန်တွေဟာ ရုံးဖွင့်ချိန် ဘဏ်ဖွင့်ချိန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းရုံး စတဲ့ရုံးတွေဖွင့်လှစ်ထားချိန်ဖြစ်တာကြောင့် အပြင်မထွက်ရ ကန့်သတ်ထားချိန်မှာ ရုံးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အပြင်ထွက်သွားလာဖို့ လိုအပ်သူများအနေဖြင့် အခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

(၄)

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်ကို အသွားအလာကန့်သတ်ထားမှုတွေကြောင့် မြို့ခံပြည်သူများ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ စျေးဝယ်ခွင့်ကတ်နဲ့ နယ်မြေကျော်ကတ်မရှိသူတွေအနေနဲ့ နေအိမ်ပြင်ပကို ထွက်ခွာရာမှာ သတ်မှတ်ထားတဲ့ နံနက် ၉ နာရီမထိုးမီ အချိန်အတွင်း စျေးဝယ်ခြင်းနှင့် အပြင်ထွက်ခြင်းတို့ကို ပြုလုပ်ရပြီး အချိန်မလုံလောက်ခြင်းတို့ ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၆ နာရီခွဲအတွင်း စျေးဝယ်ခွင့်နှင့် ပြင်ပထွက်ခွာခွင့်မှာလည်း အချိန်မလုံလောက်မှုများဖြင့် ကြုံတွေ့ရကြောင်း မြို့ခံများထံမှ စုံစမ်းသိရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာက ထုတ်ပေးထားသော နယ်မြေကျော်ကတ် ကိုင်ဆောင်ထားသူများလည်း အပြင်မထွက်ရ သတ်မှတ်ထားသောအချိန်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာလာပါက စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးအရေးယူခံရမှုများလည်းရှိကြောင်း စုံစမ်းသိရပါတယ်။

“ကျွန်တော်က သူတို့အပြင်မထွက်ရဘူးလို့ သတ်မှတ်ထားတဲ့ နံနက် ၉ နာရီခွဲအချိန်မှာ ဆိုင်ကယ်နဲ့ အသင်းရုံးကိုအသွားလမ်းမှာ စစ်ဆေးရေးအဖွဲ့နဲ့ ကြုံပါတယ်။ ကျွန်တော့်မှာ နယ်မြေကျော်ကတ်ပါပါတယ်လို့ ပြောပြတယ်။ လူမှုကူညီရေးအသင်းရုံးမှာ ကယ်ဆယ်ရေးလုပ်ငန်း သွားရမှာလို့ရှင်းပြတယ်။ သူတို့ကပြောတယ်။ ဒီလိုအပြင်မထွက်ရတဲ့အချိန်မှာ အပြင်ကိုထွက်လို့မရဘူးလို့ ပြောတယ်။ နောက်ရက်တွေမှာ သတ်မှတ်ချိန်မှာပဲသွားလာဖို့ ပြောတယ်။ အပြင်ထွက်ချိန်ကတော့ သူတို့သတ်မှတ်ထားတဲ့အချိန်က မလုံလောက်ဘူးလို့ပဲ ပြောရမှာပေါ့” လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ဆိုပါတယ်။

“စျေးကတော့ အရင်လို ရောင်းမကောင်းတော့ဘူး။ အသွားအလာတွေက ကန့်သတ်ထားတော့ စျေးရောင်းရတာ အရောင်းပါးတယ်။ မနက်ခင်းဆိုရင် နံနက် ၉ နာရီမထိုးခင် စျေးသိမ်းရတယ်။ နောက်ကျရင် ဖမ်းဆီးခံရတာ၊ အရေးယူခံရတာတွေရှိတယ်။ သတ်မှတ်ထားတဲ့အချိန်က မလုံလောက်တော့ အခက်အခဲတွေရှိတာပေါ့” လို့ ကုန်စိမ်းရောင်းချသူတစ်ဦးက ဆိုပါတယ်။

မန္တလေး ငါးမြို့နယ်အတွင်း အပြင်မထွက်ရ သတ်မှတ်ထားချိန်ဖြစ်တဲ့ နံနက် ၉ နာရီမှ ၃ နာရီခွဲအတွင်း အစိုးရရုံးလုပ်ငန်းတာဝန်၊ ကျန်းမာရေးနှင့် နာရေးကိစ္စမှအပ နေအိမ်ပြင်ပသို့ထွက်ခွာခွင့် ကန့်သတ်ထားပြီး အဆိုပါအချိန်အတွင်း သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့က စစ်ဆေးအရေးယူမှုများ ပြုလုပ်လျက်ရှိပါတယ်။ နေအိမ်ပြင်ပထွက်ခွာခွင့် ကန့်သတ်ထားချိန်မှာ မဖြစ်မနေ ပြင်ပထွက်ခွာရန် အရေးကိစ္စပေါ်လာသူတွေအနေနဲ့ စစ်ဆေးရေးအဖွဲ့မရှိသောနေရာများမှ သွားလာရကြောင်းလည်း စုံစမ်းသိရပါတယ်။ နေအိမ်ပြင်ပထွက်ခွာခွင့်အချိန်ကို ကန့်သတ်ထားတာကြောင့် မဖြစ်မနေအပြင်ထွက် သွားလာနေရသူများအတွက် အချိန်မလုံလောက်မှု အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရပါတယ်။ ဒါ့အပြင် ဖွင့်လှစ်ရောင်းချခွင့် ကန့်သတ်ထားတဲ့ထဲမှာပါဝင်နေတဲ့ စျေးဆိုင်အများစုနဲ့ စက်ရုံအလုပ်ရုံအချို့ ပိတ်ထားရတာကြောင့် အလုပ်သမားအများစုလည်း အခက်အခဲများနဲ့ ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် ခြွင်းချက်အနေဖြင့် ခွင့်ပြုထားတဲ့ ကျန်းမာရေးကိစ္စနဲ့ နာရေးကိစ္စဆောင်ရွက်ရာမှာ နေအိမ်ပြင်ပထွက်ခွာခွင့် ကန့်သတ်ထားချိန် အပြင်ထွက်သွားလာရန် အရေးပေါ်လာပါက နယ်မြေကျော်ကတ် ကိုင်ဆောင်သွားလာရန် လိုအပ်ပြီး နယ်မြေကျော်ကတ်မပါရှိခြင်း ခိုင်လုံသောအကြောင်းပြချက်နှင့် အထောက်အထားမပြသနိုင်ပါကလည်း အရေးယူခြင်းခံရနိုင်သဖြင့် လိုအပ်သည့်အထောက်အထားများ  ယူဆောင်သွားလာရန်လည်း လိုအပ်ပါတယ်။

(၅)

မန္တလေးမြို့မှာ COVID-19 တတိယလှိုင်းကာလအတွင်း အခြားမြို့နယ်များနည်းတူ အခက်အခဲများစွာဖြင့် ရုန်းကန်လှုပ်ရှားခဲ့ရသလို ဆက်လက်ပြီးလည်း ရုန်းကန်လှုပ်ရှားနေရဆဲလည်း ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှုန်းနဲ့သေဆုံးမှုနှုန်းမှာ ပြီးခဲ့တဲ့ဇူလိုင်လက များပြားခဲ့သော်လည်း ယခုသြဂုတ်လအတွင်းမှာ စာရင်းတွေအရ အကျဘက်သို့ဦးတည်နေပြီ ဖြစ်ပါတယ်။ ထိုသို့ အကျဘက်သို့ ဦးတည်နေပြီဖြစ်သော်လည်း ရက်သတ္တနှစ်ပတ် အသွားအလာထပ်မံကန့်သတ်ထားတာကြောင့် ပြည်သူများအနေဖြင့် အခက်အခဲများနဲ့အတူ ဆက်လက်ရုန်းကန်လှုပ်ရှားနေကြရဆဲ ဖြစ်ပါတယ်။ မန္တလေးခရိုင်အတွင်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားသူဦးရေနှင့် သေဆုံးသူဦးရေမှာ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းလာခဲ့ပြီဆိုသော်လည်း ရောဂါဖြစ်ပွားသူဦးရေနှင့် သေဆုံးသူဦးရေမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။

မန္တလေးခရိုင်အတွင်း COVID-19 တတိယလှိုင်းကာလမှာ ပြည်သူများအနေဖြင့် ခက်ခဲပင်ပန်းစွာဖြင့် ရုန်းကန်လှုပ်ရှားခဲ့ရသလို ဆက်လက်ပြီးလည်း ရုန်းကန်လှုပ်ရှားနေကြရဆဲ ဖြစ်ပါတယ်။ ပြီးခဲ့သည့် ဇူလိုင်လသည် COVID ကပ်ရောဂါနှင့်ပတ်သက်၍ မန္တလေးမြို့ခံများအတွက် ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် ပြည့်နှက်၍နေခဲ့သလို သုသာန်တို့တွင်လည်း မိသားစုမပါသည့် နာရေးတို့မှ ငိုကြွေးသံတို့နဲ့ တိတ်ဆိတ်ခဲ့ရပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ဆက်လက်၍လည်း ဝမ်းနည်းကြေကွဲနေရတဲ့ မိသားစုဝင်များ ရှိနေဆဲဖြစ်ပြီး မိသားစုမပါရှိတဲ့ နာရေးတို့မှာလည်း သုသာန်အတွင်း ငိုသံကင်းမဲ့နေဆဲ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ အခက်အခဲများစွာထဲမှ ကြိုးစားအားတင်းကာ ရုန်းကန်ထနေရဆဲဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါဘေးမှလည်း အမြန်ဆုံးကင်းဝေးနိုင်ရန် ခက်ခဲစွာဖြင့်ရုန်းကန်လှုပ်ရှားနေရဆဲ အခြေအနေပါ။ မန္တလေးမြို့ အခက်အခဲအကျပ်အတည်းများကိုကျော်လွှားနိုင်ပြီး COVID-19 ကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေးနိုင်ပါစေ။ ငိုကြွေးသံများလည်း အမြန်ဆုံးဆိတ်သုဉ်း ပျောက်ကွယ်နိုင်ပါစေ။ မြန်မာပြည်သူအားလုံး အခက်အခဲအကျပ်အတည်းများကို ကျော်လွှားနိုင်ပြီး COVID-19 ကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေလို့။