ပထဝီနိုင်ငံရေးနှင့် နိုင်ငံတစ်ခုအား လေ့လာသုံးသပ်ခြင်း

ပထဝီနိုင်ငံရေးနှင့် နိုင်ငံတစ်ခုအား လေ့လာသုံးသပ်ခြင်း
Published 21 August 2021

ပထဝီနိုင်ငံရေး (Geopolitics) ဟူသည် နိုင်ငံတစ်ခု သို့မဟုတ် ဒေသတစ်ခုနှင့် ပတ်သက်သော ပထဝီဝင်အခြေအနေများနှင့် သမိုင်းနောက်ခံအခြေအနေများက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအစရှိသည်တို့နှင့် ဆက်နွှယ်နေပုံအား နိုင်ငံတကာ အခြေအနေအရပ်ရပ်တို့ဖြင့် နှိုင်းယှဉ်လျက် လေ့လာသုတေသနပြုသောပညာရပ်ဖြစ်၏။ ပထဝီနိုင်ငံရေးသည် နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံခြားရေးမူဝါဒချမှတ်ရာ၌ နိုင်ငံရေးပထဝီဝင်အသိပညာနှင့် နည်းနာများကို အသုံးချခြင်းဖြစ်သည်။ Geopolitics သည် ပထဝီဝင်ဘာသာကို အသုံးချ၍ လေ့လာသောနိုင်ငံရေးဘာသာရပ်ဖြစ်သည်။ Geopolitics ဟူသော ဝေါဟာရကို ဆွီဒင်နိုင်ငံသား ပထဝီပညာရှင် ရှယ်လင်ဆိုသူက စတင်သုံးစွဲခဲ့သည်။

Geopolitics ဟူသော ဝေါဟာရကို နိုင်ငံရေးနှင့် ပထဝီတည်ရှိပုံတို့အကြား ဆက်နွှယ်မှုကို လေ့လာသောပညာဟု လည်းကောင်း၊ နယ်မြေဒေသတစ်ခု၏ ရှေ့အလားအလာကို ခန့်မှန်းဆန်းစစ်တွက်ချက်ခြင်းနှင့် ယင်းနယ်မြေဒေသတွင် နိုင်ငံရေးတန်ခိုးသြဇာကို အသုံးပြုခြင်း အတတ်ပညာဟုလည်းကောင်း၊ နိုင်ငံရေးတွင် ပထဝီအနေအထားကို အခွင့်အရေးယူ အသုံးချခြင်းအား လေ့လာသောပညာဟုလည်းကောင်း အဓိပ္ပာယ်မူကွဲအမျိုးမျိုးဖြင့် ဖွင့်ဆိုကြသည်။ စပိုက်မင် (ယေးတက္ကသိုလ် နိုင်ငံတကာဆက်သွယ်ရေးပညာ ပါမောက္ခ) က ပထဝီဝင်အချက်အလက်များကို အခြေခံ၍ နိုင်ငံတစ်ခု၏ လုံခြုံရေးဝါဒ အတွက် စီမံကိန်းရေးဆွဲခြင်းကို ပထဝီနိုင်ငံရေးဟု ခေါ်သည်ဟု ဆိုသည်။ ရှယ်လင် (ဆွီဒင်နိုင်ငံသား ပထဝီပညာရှင်) က ပထဝီနိုင်ငံရေးပညာဆိုသည်မှာ နိုင်ငံ၏သဘာဝပတ်ဝန်းကျင် ဖြစ်သည်ဟု ဆိုသည်။

ပထဝီနိုင်ငံရေးသည် ပထဝီရေးရာ အချက်အလက်များဖြစ်သော နိုင်ငံ၏မြေနှင့်၎င်းမြေ၏တည်နေရာ၊ ၎င်းမြေ၏အကျယ်အဝန်း၊ ၎င်းမြေ၏အနေအထားနှင့် ၎င်းမြေအပေါ်သက်ရောက်သော ရာသီဥတုတို့နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး စသည့်နယ်ပယ်များကို ဆက်စပ်လေ့လာသောပညာရပ်ဖြစ်သည်။ ထိုသို့ ဆက်စပ်လေ့လာ၍ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံကာကွယ်ရေး၊ နိုင်ငံလုံခြုံရေး၊ နိုင်ငံအင်အားကြီးမားရေး၊ နိုင်ငံရှင်သန်ရပ်တည်နိုင်ရေးနှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ပုံဖော်သောအရာများတွင် အသုံးချသောပညာရပ်ဖြစ်သည်။ နိုင်ငံ၏မြေဟုသုံးနှုန်းရာတွင် နိုင်ငံ၏ရေလည်း ပါဝင်သည်။ နိုင်ငံပိုင်ဆိုင်သော မြေထုနှင့် ဆက်စပ်သောရေထု၊ နိုင်ငံအတွင်း တည်နေသောရေထုတို့သည်လည်း ပထဝီသဘောတရားများသည် လေ့လာရေးတွင် ပါဝင်သည်။

ပထဝီနိုင်ငံရေးပညာရပ်သည် မြေပုံ၊ ရေပုံတို့ကိုနိုင်ငံရေးနှင့် ပေါင်းစပ်လေ့လာသော ပညာရပ်ဖြစ်သည်ဟုလည်း ရှယ်လင် (၁၈၆၄-၁၉၁၁) က ဆိုသည်။ ယင်းဆွီဒင်နိုင်ငံသား ပထဝီပညာရှင်သည် နိုင်ငံတစ်ခုအား လေ့လာသုံးသပ်ရာတွင် ရှုထောင့်ငါးခုမှ လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။ ပထဝီပညာရှင် ရှယ်လင်တင်ပြခဲ့သော ရှုထောင့်များမှာ (၁) ပထဝီနိုင်ငံရေး၊ (၂) လူဦးရေနိုင်ငံရေး၊ (၃) ဘောဂနိုင်ငံရေး၊ (၄) လူမှုနိုင်ငံရေးနှင့် (၅) အုပ်ချုပ်မှုနိုင်ငံရေးတို့ဖြစ်သည်။ ရှယ်လင်တင်ပြခဲ့သော နိုင်ငံတစ်ခုအား လေ့လာသုံးသပ်ရာ ရှုထောင့်စုံ၌ ပထဝီနိုင်ငံရေးသည် ပထမဆုံးအချက်တွင် ပါဝင်နေသည်။ ထို့ကြောင့် ပထဝီနိုင်ငံရေးသည် နိုင်ငံနှင့် နိုင်ငံရေးကို လေ့လာရာတွင် အရေးကြီးသည့် ပညာရပ်ဖြစ်ကြောင်း သိသာထင်ရှားနေသည်။ ပထဝီဝင်ပညာရပ်သည် နိုင်ငံ၏အဓိကအခြင်းအရာကြီးဖြစ်သော နိုင်ငံခြားရေးမူဝါဒကို ကြီးစိုးလွှမ်းမိုးသည်။ (၁) ပထဝီဝင် မဟာဗျူဟာ၊ (၂) လူဦးရေ၊ (၃) စီးပွားရေးအရင်းအမြစ်များနှင့် (၄) အတွေးအခေါ်စနစ်စသည့် အခြင်းအရာများသည် နိုင်ငံခြားရေးမူဝါဒကို အဓိကပုံဖော်သည်။

မည်သို့ပင်ဆိုစေကာမူ၊ နိုင်ငံတစ်ခုအား လေ့လာသုံးသပ်ရာတွင်လည်းကောင်း၊ နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင်လည်းကောင်း ပထဝီနိုင်ငံရေးက လွန်စွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်