သတင်းမီဒီယာနှင့် လွတ်လပ်ခွင့်

သတင်းမီဒီယာနှင့် လွတ်လပ်ခွင့်
Published 19 August 2021

မီဒီယာလွတ်လပ်ခွင့်ဟူသည် ပုံနှိပ် သို့မဟုတ် အီလက်ထရွန်နစ်မီဒီယာများ အထူးသဖြင့် ထုတ်ဝေဖြန့်ချိသည့်အရာများ အပါအဝင် မီဒီယာအမျိုးမျိုးမှတစ်ဆင့် ဆက်သွယ်ဖော်ပြမှုများကို လွတ်လပ်စွာကျင့်သုံးပိုင်ခွင့်ရှိကြောင်း သတ်မှတ်သင့်သည်ဟူသည့် သဘောတရားစည်းမျဉ်းဖြစ်သည်။ ယင်းကဲ့သို့သော လွတ်လပ်ခွင့်အပေါ် နိုင်ငံတော်က ဝင်ရောက်စွက်ဖက် နှောင့်ယှက်မှုကင်းမဲ့ရေးကို ရည်ညွှန်းပြီး အဆိုပါလွတ်လပ်ခွင့်အား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် အခြားဥပဒေဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများမှတစ်ဆင့် ထိန်းသိမ်းပေးရမည်ဟူ၍ ဖြစ်သည်။

ဥရောပဒီမိုကရေစီတွင် သတင်းမီဒီယာလုပ်ငန်းကို လွတ်လပ်စွာလုပ်ပိုင်ခွင့်အတွက် အကာအကွယ်ပေးရန်ဥပဒေများ ပြဋ္ဌာန်းပေးထားသည်။ ဥပမာအားဖြင့် ရုရှားကဲ့သို့သော နိုင်ငံမျိုး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင် “ပြည်သူ့ဆက်ဆံရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် အာမခံချက်အပြည့်ပေးသည်။ သတင်းဆင်ဆာလုပ်မှုကို တားမြစ်သည်” ဟု အတိအလင်း ဆိုထားသည်။ သို့ရာတွင် သတင်းအချက်အလက်ဒေတာများကို နိုင်ငံတော်၏ လျှို့ဝှက်ချက်အဖြစ် စောင့်ထိန်းရမည်ဟုဆိုထားသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး နိုင်ငံတော်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အတိုင်းသာ ရှိစေရမည်ဟု ဆိုထားသည်။ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်တွင် “လွှတ်တော်သည် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်နှင့် ပတ်သက်ပြီး ပိတ်ပင်သည့် ဥပဒေကို မပြဋ္ဌာန်းရ” ဟု ဖွင့်ဆိုထားသည်။ အမေရိကန်သမိုင်းတွင်လည်း အစိုးရသည် သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ နည်းမျိုးစုံဖြင့် ပိတ်ပင်နိုင်ရန် ကြိုးစားခဲ့ကြဖူးသည်။ အမျိုုးသားလုံခြုံရေးနှင့် စစ်ရေးကျူးကျော်မှုကိစ္စများတွင် သတင်းမီဒီယာ၏အခန်းကဏ္ဍကို လုံးဝကန့်သတ်နိုင်ရန် ကြိုးစားခဲ့ကြသည်။

လွတ်လပ်သော သတင်းမီဒီယာဆိုသည်မှာလည်း ဒီမိုကရေစီရှိရန် လိုသည်။ သတင်းမီဒီယာသည် အစိုးရ၏အမှားများကို ထောက်ပြနိုင်သည်။ အစိုးရအမှုထမ်းများ အဂတိလိုက်စားခြင်းကို ဝေဖန်ဖော်ထုတ်ပြနိုင်သည်။ လူသိရှင်ကြားပြောနိုင်ခွင့်၊ ဝေဖန်နိုင်ခွင့်၊ ထောက်ပြနိုင်ခွင့်ရှိသူများမှာ တိုင်းပြည်တစ်ပြည်တွင် စတုတ္ထမဏ္ဍိုင်အဖြစ် တင်စားကြသည့် မီဒီယာသာဖြစ်သည်။ ပြည်သူတို့ကိုဖွင့်ဟဖော်ပြရမည်မှာ သတင်းသမားတို့၏ တာဝန်ဖြစ်ပြီး ဘာဆက်လုပ်သင့်သည်ကို ဆုံးဖြတ်ရမည်မှာ ပြည်သူများသာ ဖြစ်သည်။

ဥရောပနှင့် အမေရိကတွင် သတင်းမီဒီယာလမ်းကြောင်းသည် ရုပ်မြင်သံကြားလိုင်းဘက်သို့ သိသိသာသာ ကူးပြောင်းနေပြီဖြစ်သည်။ သတင်းမီဒီယာလောကတွင် အင်အားကြီးသူများက အင်အားသေးသည့်မီဒီယာလေးများကို ၀ါးမျိုပြီး သတင်းမီဒီယာ လက်ဝါးကြီးအုပ်မှုများ ထွန်းကားသည့်ခေတ်ဖြစ်လာသည်။ အချို့သောနိုင်ငံများတွင် အစိုးရကိုယ်တိုင် သို့မဟုတ် အစိုးရလက်ဝေခံ ကုမ္ပဏီများကို သတင်းမီဒီယာများကို ထိန်းချုပ်ပြီး ၀ါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးပြုလာကြောင်းလည်း တွေ့ရသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်ဟူသည် ဆက်သွယ်ရေး မီဒီယာလမ်းကြောင်းများ အပါအဝင် သတင်းစာ၊ စာအုပ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားမီဒီယာများ အစိုးရ၏ထိန်းချုပ်မှု သို့မဟုတ် ဆင်ဆာလုပ်ကာ စိစစ်ဖြတ်တောက်ခြင်းမှ ကင်းလွတ်ခြင်းကို ခေါ်ဆိုသည်။ သတင်းမီဒီယာလွတ်လပ်ခွင့်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာ အခြေခံရပိုင်ခွင့်များနှင့်လည်း ဆက်စပ်နေသည်။ မီဒီယာလွတ်လပ်ခွင့်မရှိလျှင် လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခု၊ ဒီမိုကရေစီနည်းကျ အစိုးရတစ်ခုကို ထူထောင်၍ မရနိုင်ဟု ဆိုကြသည်။ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ကို ဒီမိုကရေစီအစိုးရတိုင်း လက်ခံနိုင်ရမည်ဖြစ်သည်။ ပြည်သူများကလည်း တည်ငြိမ်အေးချမ်းစွာဖြင့် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်သူများဖြစ်ရန် လိုသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ အကြွင်းမဲ့၊ အထိန်းချုပ်မဲ့၊ အကန့်အသတ်မဲ့ လွတ်လပ်ခြင်းကို မဆိုလိုပေ။ အစိုးရတစ်ရပ်သည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်လျှင် သတင်းမီဒီယာအပေါ် ကန့်သတ်ထိန်းချုပ်ခွင့်များ ရှိသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် ပထမကမ္ဘာစစ်အတွင်း (၁၉၁၄ -၁၉၁၈) က နိုင်ငံတော် သစ္စာဖောက်မှုနှင့်ပတ်သက်သော အရေးယူဆောင်ရွက်မှုများ၊ အစိုးရ၏လုပ်ဆောင်ချက်များ၊ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ထားမှုများ၊ အမေရိကန်အလံ အစရှိသည်တို့နှင့် ပတ်သက်ပြီး သတင်းမီဒီယာများမှ မဝေဖန်ရန် ကန့်သတ်ထားခဲ့ဖူးသည်။ မည်သည့်နိုင်ငံတွင်မဆို သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ သူ့အတိုင်းအတာနှင့်သူ ဘောင်တစ်ခုအတွင်းမှာသာ ပေးထားနိုင်သေးကြောင်း တွေ့ရသည်။

မည်သို့ပင်ဆိုစေကာမူ မီဒီယာလွတ်လပ်ခွင့်သည် အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုဆိုင်ရာ အညွှန်းကိန်းတစ်ရပ်လည်း ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်