မြန်မာပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးခွင့်ရရှိရေးအတွက် ပဋိပက္ခများချက်ချင်းရပ်ဆိုင်းရန် လုံခြုံရေးကောင်စီတွင် ဗြိတိန်တောင်းဆို

မြန်မာပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးခွင့်ရရှိရေးအတွက် ပဋိပက္ခများချက်ချင်းရပ်ဆိုင်းရန် လုံခြုံရေးကောင်စီတွင် ဗြိတိန်တောင်းဆို
Published 19 August 2021
Ref : News 18

မြန်မာနိုင်ငံတွင် ပြည်သူအားလုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးခွင့်ရရှိရေးအတွက် ပဋိပက္ခများ ချက်ချင်းရပ်ဆိုင်းရန် သြဂုတ် ၁၇ ရက်က လုံခြုံရေးကောင်စီအစည်းအဝေး၌ ဗြိတိန်က တောင်းဆိုခဲ့သည်။

လိုအပ်နေသူအားလုံးကို ကာကွယ်ဆေးထိုးခွင့်ပေးရန် လူသားချင်းစာနာမှုဆိုင်ရာပဋိပက္ခကို ချက်ချင်းရပ်ဆိုင်းရန်နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများ အကြောက်တရား သို့မဟုတ် တိုက်ခိုက်ခံရမှုမရှိဘဲ အလုပ်လုပ်နိုင်ရန် ဗြိတိန်အနေဖြင့် တောင်းဆိုကြောင်း ကယ်ရီယူကီက ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတွင် ကုလအထူးသံတမန် ခရစ္စတင်း ရှရနာ ဘာဂါနာနှင့် ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အကြီးအကဲ ရီမက်ရာ ဂျာဆင်ဂမ်တို့က မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းမှာ နေ့စဉ်ပိုမိုဆိုးရွားနေကြောင်း ပြောကြားခဲ့သည်ဟု ကယ်ရီယူကီက ဆိုသည်။

ကျန်းမာရေးစနစ်ပြိုလဲခြင်း၊ ဗိုင်းရပ်စ် ကူးစက်မှုလှိုင်း ပြန်လည်မြင့်တက်လာခြင်း၊ ရန်လိုမှုများနှင့် အကြမ်းဖက်မှုမြင့်တက်လာခြင်း၊ ပြည်သူများ သိသိသာသာ ရွှေ့ပြောင်းကြခြင်းများနှင့်ပတ်သက်၍ ရီမက်ရာဂျာ ဆင်ဂမ်က အကျဉ်းဖော်ပြခဲ့ကြောင်း သြဂုတ် ၁၇ ရက် လုံခြုံရေးကောင်စီအစည်းအဝေး၌ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူ ဂျာရစ်က ပြောကြားသည်။

မြန်မာနိုင်ငံက ကပ်ရောဂါနှင့် အခြားလူသားချင်းစာနာမှုဆိုင်ရာကြိုးပမ်းမှုများကို ကူညီကြရန် ရှရိန်နာဘာဂီနာက ကုလအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုခဲ့ပြီး နိုင်ငံ၏အဆင်ပြေသည့် နေရာများမှတစ်ဆင့် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ခွင့်ပြုပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဘာဂီနာက တောင်းဆိုခဲ့ကြောင်း ဒူဂျာရစ်က ပြောသည်။

နိုင်ငံရေး၊ တိုင်းရင်းသားဖြစ်မှု၊ ဘာသာရေးတို့နှင့်မသက်ဆိုင်ဘဲ မျှတသည့် နည်းလမ်းနှင့် မြန်မာပြည်သူများ ကာကွယ်ဆေး ထိုးနိုင်စေရန် ကုလသမဂ္ဂတာဝန်ရှိသူများသည် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အခြားကုလသမဂ္ဂအဖွဲ့ဝင်များနှင့် Global Alliance for Vaccines and Immunization လို နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း ကယ်ရီယူက ဆိုသည်။

မြန်မာ့နိုင်ငံအရေးအတွက် လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  လူသားချင်းစာနာမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် ပဋိပက္ခများ ရပ်ဆိုင်းပေးရန်နှင့် အားကောင်းသည့် နိုင်ငံတကာတုံ့ပြန်မှုများကို တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါလုံခြုံရေးကောင်စီအစည်းအဝေးကို အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး ဒါတိုအာရီဝမ်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent