ရန်ကုန်လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းခြောက်ခုမှ သြဂုတ် ၁၇ ရက်တွင် အိမ်သုံးအောက်ဆီဂျင်စက် ၅၁၁၂ ခု၊ Oxygen Plant ငါးခုအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးများ တင်သွင်း

ရန်ကုန်လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းခြောက်ခုမှ သြဂုတ် ၁၇ ရက်တွင် အိမ်သုံးအောက်ဆီဂျင်စက် ၅၁၁၂ ခု၊ Oxygen Plant ငါးခုအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးများ တင်သွင်း
Published 18 August 2021

ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ထီးခီးစသည့် နယ်စပ်ကုန်သွယ်ရေးစခန်းလေးခုမှ သြဂုတ် ၁၇ ရက်တွင် အိမ်သုံးအောက်ဆီဂျင်စက် ၅၁၁၂ ခု၊ Oxygen Plant ငါးခုအပါအဝင် COVID-19 ရောဂါကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိမ်သုံးအောက်ဆီဂျင်စက် ၁၃၇၇ ခု၊ PPE ဝတ်စုံ ၄၃၂၈ စုံ၊ လက်အိတ်တစ်တန်နှင့် နှာခေါင်းစည်း (Mask) ၂၅ တန်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ Oxygen Plant တစ်ခုအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်းနှင့် ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ်ရှစ်စီးဖြင့် ၁၄၉ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၃၁ တန်၊  အောက်ဆီဂျင်အိုးခွံ ၅၀၁၄ ခု၊ အောက်ဆီဂျင်(အရည်) Storage Container လေးခု၊ Oxygen Plant လေးခု၊ Oxygen Generator တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၃၇၃၅ ခု၊ နှာခေါင်းစည်း (Mask) ၈၆ တန်၊ PPE ဝတ် ၂၅၅၂၈ စုံ တင်သွင်းခဲ့သည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ ၂၀ ခုမှ ယာဉ်အစီးရေ ၃၇ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။

လတ်တလောတွင် နိုင်ငံတစ်ဝန်း COVID-19 ရောဂါ တတိယလှိုင်းကူးစက် ဖြစ်ပွားနှုန်း မြင့်တက်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်တက်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများနှင့် Liquid Oxygen များ တင်သွင်းမှုကို လိုင်စင် လျှောက်ထားရန်မလိုဘဲ ခွင့်ပြုထားပြီးဖြစ်သည်။

Oxygen Concentrator များ တင်သွင်းမှုကိုလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် လျင်မြန်စွာတင်သွင်းခွင့် ပြုပေးလျက်ရှိသည်။

COVID-19 ရောဂါကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်း ကိရိယာများနှင့် Liquid Oxygen တို့အား ဇူလိုင် ၁၂ ရက်မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ သုံးလ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လတ်တလော COVID-19 ရောဂါသည် တတိယလှိုင်းအဖြစ် ကူးစက်ပျံ့ပွားမှု လျင်မြန်လျက်ရှိရာ COVID-19 ရောဂါ ကုသမှုလုပ်ငန်းစဉ်များအား အထောက်အကူပြုနိုင်စေရန်အတွက် COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများအနက်  သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအားလုံးနှင့် Liquid Oxygen တို့အား ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ သုံးလ ယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုထားသည်။

Most Read

Most Recent