မွန်ပြည်နယ် သိမ်ဇရပ်မြို့ရှိ လိုရာဖြည့် ပရဟိတအဖွဲ့ပိုင် အုပ်ချုပ်မှုယာဉ် မြို့ဝင်ဆိုင်းဘုတ်အနီး ရှော့တိုက်မိုင်းခွဲခံရ

မွန်ပြည်နယ် သိမ်ဇရပ်မြို့ရှိ လိုရာဖြည့် ပရဟိတအဖွဲ့ပိုင် အုပ်ချုပ်မှုယာဉ် မြို့ဝင်ဆိုင်းဘုတ်အနီး ရှော့တိုက်မိုင်းခွဲခံရ
Published 6 August 2021

Photo  - CJ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ လိုရာဖြည့်ပရဟိတအဖွဲ့ပိုင် အုပ်ချုပ်မှုယာဉ်သည်  ဩဂုတ် ၆  ရက် မွန်းတည့် ၁၂ နာရီခန့်က သိမ်ဇရပ်မြို့ ကျောက်ကလပ်ရပ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် ရှော့တိုက်မိုင်းခွဲခံရေြ ကာင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လိုရာဖြည့် ပရဟိတအဖွဲ့အုပ်ချုပ်မှုယာဉ် လေကာမှန်များ ပျက်ဆီးခဲ့ပြီး ယာဉ်ပေါ်ပါလာသူများ ထိခိုက်မှုမရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

"အဲဒီအသင်းက ကားတစ်စီးက ကျိုက်ထိုမြို့မှာ သွားပြင်ထားတာ ပြင်လို့မပြီးသေးဘူး။ အဲဒီကားနဲ့ပါသွားသူတွေကို အသင်းက အုပ်ချုပ်မှုယာဉ်နဲ့သွားကြိုပြီး ပြန်လာတာ သိမ်ဇရပ်မြို့အဝင် ဆိုင်းဘုတ်နားမှာ ရှော့တိုက်မိုင်းနဲ့ အဆွဲခံရတာလို့ ကြားသိရပါတယ်" ဟု သိမ်ဇရပ်မြိုခံက ပြောကြားသည်။

သိမ်ဇရပ်မြို့ လိုရာဖြည့်ပရဟိတအဖွဲ့မှာ သိမ်ဇရပ် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်မာဃိန္ဒ (လိုရာဖြည့် ဆရာတော်) ဖွဲ့စည်းတည်ထောင်ထားသောအဖွဲ့ဖြစ်ပြီး၊ သိမ်ဇရပ်မြို့တွင် COVID-19 နှင့်ပတ်သက်သည့် ကိစ္စရပ်များ ဆောင်ရွက်ပေးနေသည့်အပြင် သံသယလူနာသေဆုံးသူများအား သင်္ဂြိုဟ်ပေးခြင်းများဆောင်ရွက်ပေးလျက်ရှိသည်။

"ကျွန်တော်တို့အသင်းက အုပ်ချုပ်မှုယာဉ်မိုင်းဆွဲခံရတာက ဟုတ်ပါတယ်။ ဒါပေမယ့် လူထိခိုက်မှုကတော့ မရှိပါဘူး။ အသင်းကားကတော့ အရှေ့လေကာမှန်ကွဲသွားတယ်။ ဘေးမှန် နှစ်ချပ်ကွဲသွားပါတယ်။ ဘယ်ကဘယ်လိုလုပ်တယ်ဆိုတာခန့်မှန်းလို့မတက်ဘူး။ ကျွန်တော်အဖွဲ့ကို တမင်ရည်ရွယ်ပြီးလုပ်တာလား။ မှားယွင်းပြီးတော့ လုပ်တာလားတော့ ကျွန်တော်တို့လည်း မသိဘူး။ လုပ်တဲ့သူတွေဘဲသိမှာပါ" ဟု လိုရာဖြည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင်လည်း လိုရာဖြည့်ပရဟိတအဖွဲ့သည် အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

Most Read

Most Recent