နိုင်ငံသားပိုင်ဘဏ်များတွင် နိုင်ငံခြားသားများအား ဘဏ်၏ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ ခန့်အပ်ခြင်းမပြုရအပါအဝင် ဘဏ်များအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရန်အချက်များကို ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ ဘဏ်များ၏ တာဝန်ယူမှုဖြင့်ခန့်အပ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် တာဝန်ယူဆောင်ရွက်ပေးရမည့်အချက်များကို သတ်မှတ်ပေးခဲ့သည်။ သို့ရာတွင် ဘဏ်များ၌ ခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုနှင့် တာဝန်ထမ်းဆောင်မှုပြီးဆုံးခြင်း၊ မပြီးဆုံးမီ လုပ်ငန်း တာဝန်မှ ကင်းကွာခြင်း၊ အလုပ်မှ နုတ်ထွက်ခြင်းများ ဖြစ်ပေါ်လာပါက အဆိုပါနိုင်ငံခြားသား တာဝန်ယူဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အကြံပေးအပါအဝင် နိုင်ငံခြားဝန်ထမ်းခန့်အပ်ရာတွင် လိုက်နာရန်အတွက် ယခုအမှာစာအား ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ဘဏ်များအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရာ၌ ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ကို အတည်ပြုခန့်အပ်ခြင်းမပြုမီ ရက်ပေါင်း ၃၀ ကြိုတင်၍ တင်ပြရမည်၊ ယင်းသို့ ကြိုတင်ခွင့်ပြုချက်တင်ပြရာ၌ ဘဏ်အကြီး ဖြစ်လျှင် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရန် အများဆုံးဦးရေသတ်မှတ်ချက်မှာ ၂၅ ဦး ထက်မပို၊ ဘဏ်လတ်အနေဖြင့် ၁၅ ဦးထက် မပို၊ ဘဏ်သေးအနေဖြင့် ရှစ်ဦးထက်မပိုသော သတ်မှတ်ချက်ဖြင့် ခန့်ထားရမည်ဖြစ်ပြီး ဘဏ်များအနေဖြင့် မြန်မာနိုင်ငံသားများကို တတ်နိုင်သမျှ ခန့်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမှုဆောင်အရာရှိချုပ်ရာထူးကို နိုင်ငံခြားသားအား ခန့်အပ်ထားခြင်းဖြစ်ပါက ဒုတိယအမှုဆောင် အရာရှိချုပ်ရာထူးအား မြန်မာနိုင်ငံသားကို ခန့်အပ်ရမည်၊ နိုင်ငံခြားသားဝန်ထမ်းများကို ဌာနအကြီးအကဲအဖြစ် ခန့်အပ်မည်ဆိုပါက မိမိတို့ဘဏ်ရှိ ဌာနအရေအတွက်စုစုပေါင်း၏ ရာခိုင်နှုန်း ၅၀ အထိသာ ခန့်အပ်ရမည်၊ ဌာနအကြီးအကဲသည် နိုင်ငံခြားသားဝန်ထမ်းဖြစ်ပါက ဒုတိယအကြီးအကဲသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
ဘဏ်သည် ခန့်အပ်မည့်နိုင်ငံခြားသားဝန်ထမ်းထံမှ ရရှိနိုင်သည့်မျှော်မှန်းချက် သို့မဟုတ် တာဝန်ပေးအပ်မည့် သီးခြားလုပ်ငန်းစီမံကိန်းများ၊ ကျွမ်းကျင်မှု၊ ဌာနတွင်းသင်ကြားပေးမည့် အရည်အသွေး မြှင့်တင်မှု သင်တန်းအစီအစဉ်၊ အသေးစိတ်အချက်အလက်များနှင့်အတူ ပူးတွဲ၍ ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်သည်။
ထို့ပြင် ဘဏ်သည် မိမိခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများက မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေများကို လိုက်နာ၍ သင့်လျော်စွာပြူမူနေထိုင်ရေးကို တာဝန်ယူဆောင်ရွက်ရမည်၊ နိုင်ငံခြားသားဝန်ထမ်းက မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေများကို ချိုးဖောက်ကြောင်း၊ သင့်လျော်စွာပြုမူနေထိုင်မှု မရှိကြောင်းကို တွေ့ရှိရပါက သိလျှင် သိချင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သတင်းပေးပို့ရမည်၊ ဘဏ်သည် ခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများက မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း တွေ့ရှိရပါက ယင်းအား တာဝန်မှ ချက်ချင်းရပ်ဆိုင်းရမည် စသည်တို့ ပါဝင်သည်။
ဘဏ်သည် ယခုအမှာစာပါအချက်များအား လိုက်နာခြင်းမရှိကြောင်း တွေ့ရှိခဲ့ပါက ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ၊ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးနည်းလမ်း တစ်ရပ်ရပ်ဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀. ၅.၂၀၂၀ ရက်စွဲပါ အမှာစာအမှတ်၊ မဗဘ/MP/FIR/ ဘဏ်စိစစ်/ ၁ (၂/ ၂၀၂၀) အား ယခုအမှာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း၊ ယခုအမှာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။