အများပြည်သူရုံးပိတ်ရက်များတွင် ပင်လယ်ရေကြောင်းမှ ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် နေ့စဉ် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ချက်အရ သိရသည်။
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရေးနှင့် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများ ပြည်သူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတား အသီးသီးသည် ပိတ်ရက်မရှိ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ရုံးပိတ်ရက်အတွင်း DO ၊ Shipping Instruction (SI) နှင့် 90/91 Form များကို နေ့စဉ်ပိတ်ရက်မရှိ ထုတ်ပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို အမြန်ထုတ်ယူနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးသွားမည် ဖြစ်သဖြင့် ဆေးနှင့် ဆေးပစ္စည်း တင်သွင်းထားကြသူများအနေဖြင့် ကိုယ်စားလှယ် လုပ်ငန်းဌာန၊ ဌာနခွဲ (၁) ဖုန်း ၀၉၅၁၁၂၈၇၃ သို့ အမြန်ဆုံးဆက်သွယ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။
COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများအား AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်းတံတား အသီးသီးမှ အမြန်ဆုံးထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ပြည်သူများထံသို့ အမြန်ဆုံး ရောက်ရှိစေရန် AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်းတံတား အသီးသီးသို့ ရောက်ရှိပြီးဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်း ကုန်သေတ္တာများကို အမြန်ဆုံးနှင့် ချက်ခြင်း ထုတ်ပေးသွားနိုင်ရန် လိုအပ်သည်များကို စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆိပ်ကမ်းတံတားများမှ အမြန်ဆုံးထုတ်ပေးနိုင်ရန် အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း၍ လုပ်ဆောင်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ အခြားအိမ်နီးချင်းနိုင်ငံများ နည်းတူ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါမျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့လျက်ရှိရာ ရောဂါကုသရေးနှင့် ကူးစက်ပျံ့ပွားမှုများအား တားဆီးကာကွယ် ထိန်းချုပ်ရေးတို့ကို အထောက်အကူပြုစေရန်အတွက် ပင်လယ်ရေကြောင်းဖြင့် ပြည်ပမှ မှာယူတင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများကို ပြည်သူများထံသို့ အမြန်ရောက် ရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်း ကုန်သေတ္တာများအား အမြန်ဆုံး ဆိပ်ကမ်းမှထုတ်ပေးနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများသည် အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်လယ်ရေကြောင်းမှ တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများတွင် COVID-19 ရောဂါကူးစက်ခံလူနာများအား ကုသရာတွင် လိုအပ်သည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ပစ္စည်း (Oxygen Concentrator) များ၊ အခြားဆေးပစ္စည်းများနှင့် ဆေးဝါးများ ပါဝင်ကြောင်း သိရသည်။
အများပြည်သူရုံးပိတ်ရက်ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် Operation လုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ဝန်ဆောင်မှု ပေးနေကြောင်း သတင်းရရှိသည်။
COVID-19 ရောဂါကူးစက်မှုများကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေးအတွက် Operation လုပ်ငန်းများကို မရပ်နားဘဲ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်းထုတ်ပြန်ခဲ့သည်။