COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်းတံတားအသီးသီးမှ အမြန်ဆုံးထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ပြည်သူများထံသို့ အမြန်ဆုံး ရောက်ရှိစေရန် AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်းတံတား အသီးသီးသို့ ရောက်ရှိပြီးဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်း ကုန်သေတ္တာများကို အမြန်ဆုံးနှင့် ချက်ခြင်းထုတ်ပေးသွားနိုင်ရန် လိုအပ်သည်များကို စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆိပ်ကမ်းတံတားများမှ အမြန်ဆုံးထုတ်ပေးရန် အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း၍ လုပ်ဆောင်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ အခြားအိမ်နီးချင်းနိုင်ငံများ နည်းတူ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါမျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့လျက် ရှိရာ ရောဂါကုသရေးနှင့် ကူးစက်ပျံ့ပွားမှုများအား တားဆီးကာကွယ်ထိန်းချုပ်ရေးတို့ကို အထောက်အကူပြုစေရန်အတွက် ပင်လယ်ရေကြောင်းဖြင့်ပြည်ပမှ မှာယူတင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများကို ပြည်သူများထံသို့ အမြန်ရောက်ရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်းကုန်သေတ္တာများအား အမြန်ဆုံး ဆိပ်ကမ်းမှ ထုတ်ပေးနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများသည် အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
ပင်လယ်ရေကြောင်းမှ တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများတွင် COVID-19 ရောဂါကူးစက်ခံလူနာများအား ကုသရာတွင် လိုအပ်သည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ပစ္စည်း (Oxygen Concentrator) များ၊ အခြားဆေးပစ္စည်းများနှင့် ဆေးဝါးများ ပါဝင်ကြောင်း သိရသည်။
အများပြည်သူ ရုံးပိတ်ရက်ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် Operation လုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးနေကြောင်း သတင်းရရှိသည်။
COVID-19 ရောဂါကူးစက်မှုများကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေးအတွက် Operation လုပ်ငန်းများကို မရပ်နားဘဲ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းအပြင် သင်္ဘောများ နေရာချထားခြင်းကိုလည်း ဇူလိုင် ၁၈ မှ စတင်ကာပိတ်ရက်များ အတွင်းတစ်ရက်ခြား ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။
ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ယခုလ (ဇူလိုင်လ) အတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၃၇ စီးအထိ ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။










