အိုလံပစ်ပြိုင်ပွဲကာလအတွင်း ကစားသမားများ ဒူးထောက်သည့် ဓာတ်ပုံကို လူမှုမီဒီယာများတွင် မဖော်ပြရန် တားမြစ်ထား

အိုလံပစ်ပြိုင်ပွဲကာလအတွင်း ကစားသမားများ ဒူးထောက်သည့် ဓာတ်ပုံကို လူမှုမီဒီယာများတွင် မဖော်ပြရန် တားမြစ်ထား
Photo: npr
Photo: npr
Published 22 July 2021

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC) နှင့် တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီတို့က အိုလံပစ်ပြိုင်ပွဲကာလအတွင်း အားကစားသမားများ ဒူးတစ်ဖက်ထောက်သည့်ဓာတ်ပုံကို ၎င်းတို့၏ လူမှုမီဒီယာများတွင် ဖော်ပြခြင်းမပြုရန် တားမြစ်ထားကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

အိုလံပစ်ပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပွဲစဉ်များကို ဗုဒ္ဓဟူးနေ့က စတင်ကျင်းပခဲ့ပြီး ပထမဆုံးပွဲစဉ်ဖြစ်သည့် ဂရိတ်ဗြိတိန်-ချီလီ ပွဲတွင် နှစ်ဖက်အသင်းကစားသမားများက ပွဲမစတင်မီ ဒူးတစ်ဖက်ထောက်ခဲ့ကြသလို၊ အမေရိကန်-ဆွီဒင်ပွဲတွင် နှစ်သင်းစလုံးနှင့် သြစတြေးလျ-နယူးဇီလန်ပွဲတွင် နယူးဇီလန်အသင်းကစားသမားများက အလားတူပြုလုပ်ခဲ့ကြသည်။

ယင်းကဲ့သို့ပြုလုပ်ခြင်းမှာ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး၊ အွန်လိုင်းတွင် အမုန်းတရားပြောဆိုမှုဆန့်ကျင်ရေး လှုပ်ရှားမှု့ဖြစ်သည်။

သို့သော် ယင်းဓာတ်ပုံများမှာ တိုကျို ၂၀၂၀ ပြိုင်ပွဲ၏ တရားဝင် Liveblog၊ Facebook၊ Twitter၊ Instagram စသည့် လူမှုမီဒီယာများအပြင် IOC ၏ လူမှုမီဒီယာများတွင်လည်း တစ်ပုံမျှပင် ဖော်ပြခံရခြင်းကြောင်း သိရသည်။

အိုလံပစ်ပြိုင်ပွဲကာလအတွင်း ယင်းကဲ့သို့ ဒူးထောက်သည့် ဓာတ်ပုံများကို လူမှုမီဒီယာများတွင် ဖော်ပြခြင်းမပြုရန် အင်္ဂါနေ့ ညနေပိုင်းတွင် အထက်မှ ညွှန်ကြားချက်ပေးလာခြင်းဖြစ်ကြောင်း အတွင်းသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားမှုကိုကိုးကား၍ The Guardian သတင်းဌာနက ဖော်ပြခဲ့သည်။