ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်မှ Oxygen Generator ၃၇ လုံးအပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၁ ရက်တွင် အောက်ဆီဂျင်အရည်/အိုး၊ အိမ်သုံးအောက်ဆီဂျင်စက်များ စသည်တို့ ဆက်လက်တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် ထိုင်းနိုင်ငံ မျက်နှာစာမှ မြဝတီကုန်သွယ်ရေးဇုန်၊ တရုတ်နိုင်ငံ မျက်နှာစာမှ မူဆယ်ကုန်သွယ်ရေးဇုန်တို့မှ အများဆုံးတင်သွင်းနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ မှ ၂၁ ရက်အတွင်း မော်တော်ယာဉ် ၂၅၄ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၃၈၇ တန်၊ အောက်ဆီဂျင်အရည်အိုးဖြင့် ၁ရဝတန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) ၆၂ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၇၄၀၉ ခု၊ Test Kit (၁၃၄၅၀၀) ခု၊ Mask တန် ၄၅၀ တင်သွင်းထားကြောင်း သိရသည်။
လတ်တလောတွင် နိုင်ငံတစ်ဝန်း COVID-19 ရောဂါ တတိယလှိုင်းကူးစက်ဖြစ်ပွားနှုန်း မြင့်တက်လာခြင်းနှင့်အတူ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်တက်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ မောတောင်တို့မှကုမ္ပဏီ ၇၆ ခု၊ မော်တော်ယာဉ် ၅၁ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၄၃ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၂၉ တန်၊ Oxygen Generator လေးလုံး၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၃၉၇၈ ခု၊ Test Kit ၂၀၀၀၀ ခုနှင့် နှာခေါင်းစည်း (Mask) ၅၅ တန် တင်သွင်းခဲ့သည်။
ဇူလိုင် ၁၉ ရက်တွင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုမ္ပဏီ ၈၄ ခု က အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၅၇ ဒသမ ၂၄၀ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၃၆ ဒသမ ၀၄၀ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့် )၂၅ ဒသမ ၅၉၀ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၅၀၅၃ ခု၊ Test Kit ၅၀၀ ခုနှင့် နှာခေါင်းစည်း (Mask) ၇၅၅၄၆ ကီလို တင်သွင်းခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများနှင့် Liquid Oxygen များ တင်သွင်းမှုကို လိုင်စင် လျှောက်ထားရန်မလိုဘဲ ခွင့်ပြုထားပြီးဖြစ်သည်။
Oxygen Concentrator များ တင်သွင်းမှုကိုလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသည်။
လတ်တလော COVID-19 ရောဂါသည် တတိယလှိုင်းအဖြစ် ကူးစက်ပျံ့ပွားမှု လျင်မြန်လျက်ရှိရာ COVID-19 ရောဂါ ကုသမှုလုပ်ငန်းစဉ်များအား အထောက်အကူပြုနိုင်စေရန်အတွက် COVID-19 ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများအနက် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအားလုံးနှင့် Liquid Oxygen တို့အား ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ဘဲ သုံးလ ယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။










