အာဆင်နယ်အသင်းသည် ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်အား အပြီးသတ်ခေါ်ယူခွင့်ရှိသည်ဆိုသောအချက် ပါဝင်သည့် တစ်ရာသီအငှားဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်သည် နည်းပြ တူဟယ်လ်လက်ထက် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့မည်ဟု သတင်းထွက်နေသူဖြစ်သည်။
အာဆင်နယ်အသင်းသည် အေဘရာဟမ်အား ခေါ်ယူရန် စပါး၊ ဝက်စ်ဟမ်းအသင်းတို့နှင့်အပြိုင်ကြိုးပမ်းနေပြီး ယခုအခါ အဆိုပါအသင်းများကို ကျော်ဖြတ်ကာ လက်ဦးမှုရယူနိုင်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် အေဘရာဟမ်အား ကနဦး တစ်ရာသီအငှားဖြင့် ခေါ်ယူမည်ဖြစ်ပြီး အငှားစာချုပ်ပြည့်ပါက ပေါင်သန်း (၄၀)ဖြင့် အပြီးသတ်ခေါ်ယူမည်ဟု ကမ်းလှမ်းခဲ့ရာ ချယ်လ်ဆီးအသင်းက လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စပါးနှင့် ဝက်စ်ဟမ်းအသင်းသည် အေဘရာဟမ်အား အပြီးသတ်ခေါ်ယူလိုနေကြသော်လည်း ချယ်လ်ဆီးအသင်းက တောင်းဆိုသည့် ပေါင်သန်း (၄၀)ကို ပေးချေရန် ဆန္ဒမရှိဘဲ ပေါင်သန်း (၃၀)ထက် ပိုပေးလိုခြင်းမရှိကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် အေဘရာဟမ်ကို ကနဦးအငှားဖြင့် ခေါ်ယူရာတွင် ချယ်လ်ဆီးအသင်း ပေးချေသည့်လစာအတိုင်း ပေးချေသွားမည်ဖြစ်ကြောင်းလည်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။