စီးရီးအေနှင့် စီးရီးဘီကစားသမားအားလုံး ကာကွယ်ဆေးထိုးနှံထားရန် FIGC တိုက်တွန်း

စီးရီးအေနှင့် စီးရီးဘီကစားသမားအားလုံး ကာကွယ်ဆေးထိုးနှံထားရန် FIGC တိုက်တွန်း
Photo: Serie A
Photo: Serie A
Published 21 July 2021

၂၀၂၁-၂၀၂၂ ရာသီသစ်စတင်ချိန်တွင် စီးရီးအေနှင့် စီးရီဘီပြိုင်ပွဲမှ ကစားသမားအားလုံး COVID-19 ရောဂါကာကွယ်ဆေးထိုးနှံထားရန် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က တိုက်တွန်းထားကြောင်း သိရသည်။

    

၂၀၂၁-၂၀၂၂ ရာသီ စီးရီးဘီပြိုင်ပွဲကို သြဂုတ် (၂၀)ရက်နှင့် စီးရီးအေပြိုင်ပွဲကို သြဂုတ် (၂၁)ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲစတင်ချိန်တွင် ကစားသမားအားလုံးကာကွယ်ဆေးထိုးနှံမှုပြီးစီးရန် FIGC က ဆန္ဒရှိနေခြင်းဖြစ်ကြောင်း ရောမမြို့အခြေစိုက် Corriere dello Sport သတင်းစာက ဖော်ပြသည်။ 

လက်ရှိအချိန်တွင် ရိုးမား၊ ဆမ်ဒိုးရီးယား၊ ဖီအိုရင်တီးနားစသည့် စီးရီးအေကလပ်အသင်းအချို့သာ ကာကွယ်ဆေးထိုးနှံရသေးပြီး လာဇီယိုအသင်းကလည်း ထိုးနှံရန် စီစဉ်ထားသည်။ 

သို့ဖြစ်ရာ ကလပ်အသင်းအများစု ကျန်ရှိနေသေးသဖြင့် FIGC က အနည်းဆုံး တစ်ကြိမ်ထိုးနှံထားရန် တိုက်တွန်းထားခြင်းဖြစ်သည်။ 

ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းမှာလည်း ပြိုင်ပွဲမတိုင်မီ ကာကွယ်ဆေးထိုးနှံခဲ့ပြီး ပြိုင်ပွဲကာလအတွင်း Positive ပြဿနာ ရင်ဆိုင်ခဲ့ရခြင်းမရှိသလို ချန်ပီယံဆုဖလားပါ ရယူနိုင်ခဲ့သည်။

    

ထို့ပြင် Lega Serie A က ၂၀၂၁-၂၀၂၂ ရာသီ စီးရီးအေပြိုင်ပွဲ ပွဲစဉ် (၁) နှင့် (၂) ယှဉ် ပြိုင်ကစားမည့်ရက်နှင့် အချိန်များကို တနင်္လာနေ့တွင် အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ပွဲစဉ် (၁) ကို သြဂုတ် (၂၁၊ ၂၂၊ ၂၃) ရက်နှင့် ပွဲစဉ် (၂) ကို သြဂုတ် (၂၇၊ ၂၈၊ ၂၉) ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။