အာဆင်နယ်အသင်းနည်းပြ အာတီတာ က ကွင်းလယ်လူသစ် လိုကွန်ဂါမှာ ဉာဏ်ကောင်းပြီး ရင့်ကျက်သူတစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားသည်။
အာဆင်နယ်အသင်းသည် ယခုနွေရာသီအတွက် ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်း၏ လူငယ်ကွင်းလယ်ကစားသမား လိုကွန်ဂါကို ပေါင် (၁၈)သန်းဝန်းကျင်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
အာဆင်နယ်အသင်းက ၎င်းအား ကာလရှည်စာချုပ်ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး စာချုပ်သက်တမ်းကို ဖော်ပြခြင်းမရှိသော်လည်း ၂၀၂၆ ခုနှစ်အထိ ငါးနှစ်စာချုပ် ချုပ်ဆိုထားကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြသည်။
၎င်းသည် အာဆင်နယ်အသင်းတွင် နံပါတ် ၂၃ ဝတ်ဆင်ကစားမည်ဖြစ်ပြီး ယင်းနံပါတ်ကို ဒေးဗစ်လူးဝစ်ဇ်၊ ဝဲလ်ဘက်၊ ဘန်တနာ၊ အာရှာဗင်၊ ဆိုးလ်ကမ်းဘဲလ်တို့ ဝတ်ဆင်ခဲ့ဖူးသည်။
"အဲလ်ဘတ်က အရမ်းဉာဏ်ကောင်းတဲ့သူပါ။ သူက အခုလို တိုးတက်နေတဲ့ကာလမှာ ရင့်ကျက်တဲ့ စွမ်းဆောင်ရည်ကိုလည်းပြနေပါတယ်။ သူက အန်ဒါလက်ချ်အသင်းမှာ ဗင်းဆင့်ကွန်ပနီရဲ့လက်အောက်မှာ ကောင်းကောင်းကစားခဲ့ရတာပါ။ ကျွန်တော် ဗင်းဆင့်အကြောင်း ကောင်းကောင်းသိပါတယ်။ သူက အဲလ်ဘတ်ရဲ့အကြောင်းတွေ အများကြီးပြောပြထားပါတယ်။ အဲလ်ဘတ်က နောက်တစ်ဆင့်ကို ထပ်ပြီးတိုးတက်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ အဖွဲ့ဝင်သစ်တွေရဲ့အရည်အသွေးကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်"ဟု အာတီတာက ဆိုသည်။
အသက် ၂၁ နှစ်သာရှိသေးသူ လိုကွန်ဂါသည် အန်ဒါလက်ချ်အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက မန်စီးတီးနောက်ခံလူဟောင်း ကွန်ပနီလက်ထက်တွင် ပြိုင်ပွဲစုံ ၃၇ ပွဲကစားခွင့်ရကာ သုံးဂိုးသွင်းယူပေးခဲ့သည်။
အာဆင်နယ်အသင်းသည် ၎င်းမတိုင်မီ ဘင်ဖီကာအသင်း ဘယ်နောက်ခံလူ တာဗာရက်စ် (၂၁ နှစ်) ကို ပေါင် (၈)သန်းဖြင့် ခေါ်ယူထားသည်။