ကော့သောင်းမြို့မှ ထောင်ဖောက်ပြေးခဲ့သော Quarantine ဝင်နေသည့် အချုပ်သားများထဲမှတစ်ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ ၉ မိုင်အကျဉ်းထောင်တွင် Quarantine ဝင်နေသည့် အချုပ်သားများနှင့် အကျဉ်းချခံရပြီးသူ ခြောက်ဦးမှာ ဇူလိုင် ၁ ရက်က ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဖမ်းဆီးခံရသည့်အတွက် ဇူလိုင် ၁၉ ရက်တွင် မြန်မာ-ထိုင်းနယ်ခြားကော်မတီသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ထွက်ပြေးသွားတာက ခြောက်ဦးပါ။ အခုဖမ်းမိတဲ့ အချိုင်ဆိုသူက ထိုင်းနိုင်ငံသားလိုလို ဟန်ဆောင်ပြီး ရတနာကျွန်းကို ထွက်ပြေးတယ်။ အဲဒီကနေတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့ထဲကို ရောက်သွားသလိုလို ကြားရတယ်။ ထိုင်းလဝကရဲကလည်း ထိုင်းနိုင်ငံသားပဲထင်နေတယ်။ နောက်တော့မှ မြန်မာနိုင်ငံသား ထောင်ဖောက်ပြေးလာတဲ့သူဆိုတာ ဒီကနေ ပို့ထားတဲ့ဓာတ်ပုံတွေအရ သိလိုက်ရလို့ ဖမ်းပြီး ပြန်ပို့လိုက်တာပါ။ ကျန်တဲ့သူတွေကတော့ လွတ်နေဆဲပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထောင်ဖောက်ပြေးလာသူကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လဝကအချုပ် IDC တွင် ထိန်းသိမ်းထားပြီး ကော့သောင်းမြို့သို့ ဇူလိုင် ၁၉ ရက်တွင် လာရောက် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့ရှိ ၉ မိုင်အကျဉ်းထောင်မှ ထွက်ပြေးခဲ့သူများမှာ ဝေယံလင်း (၂၄နှစ်)၊ ပုဒ်မ ၃၀၂/၂၁၁/၁၁၄၊ စိုးသီဟ (၃၀ နှစ်)၊ ပုဒ်မ ၁၉ (က)၊ ချစ်ကိုလေး (၂၈ နှစ်)၊ ပုဒ်မ ၁၉ (က)၊ စည်သူမျိုး (၃၆ နှစ်)၊ ပုဒ်မ ၁၉ (က)၊ ရန်ကျော် (၂၅ နှစ်)၊ ပုဒ်မ ၃၂၆၊ အောင်ဌေးဦး (ခ) အချိုင် (၂၇ နှစ်)၊ ပုဒ်မ ၄၅၇/ ၃၈၀ (ထောင်ဒဏ် ငါးနှစ်အမိန့်ချပြီးသူ) တို့ ဖြစ်ကြောင်း သိရသည်။
ထွက်ပြေးသွားသူခြောက်ဦးတွင် ထောင်ဒဏ်ကျခံရပြီးသူ အောင်ဌေးဦး (ခ) အချိုင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရောက်ရှိသွားခဲ့သည်ဟု သိရပြီး မြန်မာ-ထိုင်းနယ်ခြားကော်မတီမှ ထိုင်းနိုင်ငံသို့ ပေးပို့ထားသော ဝရမ်း ပါရှိသည့်ဓာတ်ပုံနှင့် တိုက်ဆိုင်စစ်ဆေးရာ ထောင်ဖောက်ပြေးလာသူဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသော တရားခံ အောင်ဌေးဦး (ခ)အချိုင်အား ထိုင်း-မြန်မာနယ်ခြားကော်မတီမှ မြန်မာ-ထိုင်းနယ်ခြားကော်မတီသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ ဇူလိုင် ၁၉ ရက်တွင် နယ်ခြားကော်မတီအဖွဲ့ဝင်များ ဖြစ်သော မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံပေးခဲ့ကြောင်း သိရသည်။