ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ ကြက်တောင်အားကစားနည်း၏ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင်ယှဉ်ပြိုင်မည့် ကစားသမားများအနက် အသက်အငယ်ဆုံးငါးဦးတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ပါဝင်နေကြောင်း သိရသည်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမား ၄၃ ဦး ယှဉ်ပြိုင်ခွင့်ရထားပြီး လက်ရည်စစ်ပွဲအောင်မြင်သူများ၊ သက်ဆိုင်ရာနိုင်ငံများမှ အိုလံပစ်ကော်မတီများ၏ တင်ပြမှု ကြောင့် ယှဉ်ပြိုင်ခွင့်ရသူများ ပါဝင်နေသည်။ ပြိုင်ပွဲဝင်ကစားသမားများအနက် တောင်ကိုရီးယားနိုင်ငံသူ အန်ဆီယောင်းမှာ အသက် ၁၉ နှစ် (၂၀၀၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် မွေး ဖွားသူ) ဖြင့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေပြီး သက်ထားသူဇာမှာ အဆင့် ၄ နေရာတွင် ရပ်တည်လျက်ရှိသည်။
အန်ဆီယောင်း၏နောက်တွင် အင်ဒိုနီးရှားနိုင်ငံသူ မာရီစကာက အသက် ၂၂ နှစ် (၁၉၉၉ ခုနှစ် သြဂုတ် ၁၁ ရက် မွေးဖွားသူ)၊ မော်လ် ဒိုက်နိုင်ငံသူ နာဗာဟာက အသက် ၂၂ နှစ် (၁၉၉၉ ခုနှစ် ဇွန် ၁၃ ရက် မွေးဖွားသူ)၊ မြန်မာ နိုင်ငံသူ သက်ထားသူဇာက အသက် ၂၂ နှစ် (၁၉၉၉ ခုနှစ် မတ် ၁၅ ရက် မွေးဖွားသူ)၊ စင်ကာပူနိုင်ငံသူ ယိုဂျင်မင်က အသက် ၂၂ နှစ် (၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မွေးဖွားသူ) ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
အသက်အငယ်ဆုံး ငါးဦးစာရင်းတွင် ပါဝင်နေသည့် မြန်မာကြက်တောင်အား ကစားမယ် သက်ထားသူဇာနှင့် အင်ဒိုနီးရှား ကြက်တောင်အားကစားမယ် မာရီစကာတို့ မှာ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ အိုလံပစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခံထားရသည့် တရုတ်နိုင်ငံသူ ချန်ယုဖိုင်မှာ အသက် ၂၃ နှစ် သာရှိသေးကြောင်း သိရသည်။
တိုကျိုအိုလံပစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အသက်အကြီးဆုံးကစားသမားအဖြစ် ဆွစ်ဇာလန် နိုင်ငံသူ ဆာဘာရီနာက မှတ်တမ်းဝင်ထားပြီး အသက် ၃၄ နှစ် (၁၉၈၇ ခုနှစ် ဇွန် ၂၁ ရက် မွေးဖွားသူ) ရှိပြီဖြစ်ကြောင်း သိရသည်။
အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် ငယ် စဉ်ကတည်းက ကြက်တောင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသက် ၁၈ နှစ်ကတည်းက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပသည့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
သက်ထားသူဇာသည် တိုကျိုအိုလံ ပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ပြီးခဲ့သည့်နှစ်အနည်းငယ်ကတည်းက စတင်ပြင်ဆင်ခဲ့ပြီး အိုလံပစ် လက်ရည်စစ်ပွဲကာလစတင်သည့် ၂၀၁၉ နှစ် ဆန်းပိုင်းမှစ၍ ပြိုင်ပွဲများ ဆက်တိုက်ယှဉ် ပြိုင်ပြီးနောက် လက်ရည်စစ်ပွဲအောင်မြင် သဖြင့် ဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲ အုပ်စု (M) တွင် အင်ဒိုနီးရှားနိုင်ငံသူ မာရီ စကာ၊ ဘယ်လ်ဂျီယံနိုင်ငံသူ လိုင်နီတန်တို့နှင့် အတူ ကျရောက်နေသည်။