ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ၂၀၂၁-၂၀၂၂ မှ ၂၀၂၄-၂၀၂၅ ရာသီ အထိ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ လက်ခံကျင်းပခွင့်ရသည့်မြို့များအား အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။
UEFA သည် မူလက ယင်းပြိုင်ပွဲများအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့် မြို့များကို ရွေးချယ်ထားပြီးဖြစ်သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုထုတ်ပြန်မှုအရ ၂၀၂၁-၂၀၂၂ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၊ ယူရိုပါလိဂ် ဗိုလ်လုပွဲကို စပိန်နိုင်ငံ ဆီဗီးလ်မြို့၊ ၂၀၂၂-၂၀၂၃ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၊ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံ ဘူဒါ ပက်စ်မြို့၊ ၂၀၂၃-၂၀၂၄ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ ယူရိုပါလိဂ် ဗိုလ်လုပွဲကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင် မြို့၊ ၂၀၂၄-၂၀၂၅ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဂျာမနီနိုင်ငံ မြူးနစ်မြို့နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့၌ ကျင်းပသွားမည်ဖြစ်သည်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Ataturk Olympic Stadium ကွင်းသည် မူလက ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို လက်ခံကျင်းပခွင့်ရထားသော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကွာတား ဖိုင်နယ်မှစ၍ လက်ကျန်အဆင့်များကို ပေါ် တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ Final Eight အဖြစ် ပြောင်းလဲကျင်းပခဲ့သဖြင့် အိမ်ရှင်ကျင်းပခွင့် လက်လွှတ်ခဲ့ရသည်။ ထို့ကြောင့် ၂၀၂၀- ၂၀၂၁ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ထပ်မံကျင်းပခွင့်ရသော်လည်း ဗြိတိန်အစိုးရ၏ တောင်းဆိုမှုကြောင့် ပေါ်တူဂီနိုင်ငံ ပေါ်တို မြို့သို့ ပြောင်းလဲခဲ့ရကြောင်း သိရသည်။
သို့ ဖြစ်ရာ UEFA က အစ္စတန်ဘူလ်မြို့အား ၂၀၂၂-၂၀၂၃ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကျင်းပရန် ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲ အိမ်ရှင် ဒဗ္ဗလင်မြို့မှာလည်း ယူရို-၂၀၂၀ ပြိုင်ပွဲ အိမ်ရှင်ကျင်းပခွင့် ဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်အစားထိုး ခွင့်ပြုပေးခြင်းဖြစ်သည်။
ထို့ကြောင့် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ၂၀၂၂-၂၀၂၃ ရာသီအစား ၂၀၂၄-၂၀၂၅ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြောင်းလဲကျင်းပရမည်ဖြစ်သည်။ ယူရို-၂၀၂၀ ဗိုလ်လု ပွဲ လက်ခံကျင်းပခဲ့သည့် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာမူ မူလအတိုင်း ၂၀၂၄ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပရမည်ဖြစ်သည်။