ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် မူဆယ်မြို့နယ် လျှပ်စစ်ရုံး ပတ်ဝန်းကျင်၌ ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီဝန်းကျင်က လက်လုပ်အသံမိုင်း နှစ်လုံးတွေ့ရှိရာ မိုင်းတစ်လုံးကို သက်မဲ့ ပြုလုပ်နိုင်ခဲ့ပြီး ကျန်အသံမိုင်း တစ်လုံးမှာ ပေါက်ကွဲခဲ့သည်။
ဖြစ်စဉ်မှာ Junction River Trading ကုမ္ပဏီ၏ လျှပ်စစ်မီတာရုံး ဆိုင်းဘုတ်အောက် မြောင်းအတွင်းနှင့် မီတာခဆောင်ရာ ပတ်ဝန်းကျင်၌ ဝန်ထမ်းများက အဆိုပါ လက်လုပ်အသံမိုင်းများကို တွေ့ရှိခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက် စစ်ဆေးခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်၌ မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ မိုင်းတစ်လုံးကို သက်မဲ့ပြုလုပ်နိုင်ခဲ့ပြီး ကျန်မိုင်းတစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
မူဆယ်မြို့၌ ဇူလိုင် ၄ ရက် ည ၈ နာရီခန့်က မူဆယ်မြို့ ရဟတ်ယာဉ်ကွင်း မီးပွိုင့်လမ်းဆုံအနီးနှင့် မူဆယ်ခရိုင် တရားရုံးရှေ့ရှိ ဘဏ်တစ်ခု အနီးဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် ဇွန် ၃၀ ရက် ညနေ ၆ နာရီခွဲခန့်က မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းဘေးရှိ လောင်းကစားရုံအရှေ့၌ မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။
မူဆယ်မြို့ ပြည်သူ့ဆေးရုံ လမ်းဆုံအနီး၌လည်း မေ ၂၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမှိုက်သိမ်းသည့် လူငယ်တစ်ဦး ခြေပြတ် သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။