လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း ပြည်ပသို့ မတ်ပဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၃၄၁ သန်းကျော်နှင့် နယ်စပ်မှဒေါ်လာ ခုနစ်သန်းနီးပါးဖြင့် စုစုပေါင်းဒေါ်လာ ၃၄၉ သန်းနီးပါးရရှိ

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း ပြည်ပသို့ မတ်ပဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၃၄၁ သန်းကျော်နှင့် နယ်စပ်မှဒေါ်လာ ခုနစ်သန်းနီးပါးဖြင့် စုစုပေါင်းဒေါ်လာ ၃၄၉ သန်းနီးပါးရရှိ
ပြည်တွင်းရှိ ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပြည်တွင်းရှိ ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 7 July 2021

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း ပြည်ပသို့ မတ်ပဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၃၄၁ သန်းကျော်နှင့် နယ်စပ်မှ ဒေါ်လာ ခုနစ်သန်းနီးပါးဖြင့် စုစုပေါင်း ဒေါ်လာ ၃၄၉ သန်းနီးပါး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင် ၁ ရက်တွင်  ပြည်တွင်းစျေးကွက်၌ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁ သိန်းကျော်ရှိပြီး ဇွန် ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် စျေးထက် ကျပ် ၅၃၀၀၀ ခန့် မြင့်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁၀၅၀၀၀၊ မတ်ပဲ SQ/RC တစ်တန်လျှင် ကျပ် ၁၂၄၀၀၀၀ စျေး ရှိသည်။

ဇွန် ၁ ရက်တွင်မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၀၅၂၀၀၀၊ မတ်ပဲ SQ/RC တစ်တန်လျှင် ကျပ် ၁၁၈၂၀၀၀ စျေး ရှိသည်။

အိန္ဒိယအစိုးရ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကို နှစ်စဉ်ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းရန် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အား G to G လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏနှင့် စားသုံးမှု လိုအပ်ချက်များအပေါ် မူတည်၍ နှစ်နိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုကို အားပေးရန် ရည်ရွယ်၍ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့် ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်က နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ပြီးကြောင်း သိရသည်။

ယင်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို နှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် လာမည့်ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီမှ မတ်လ) အတွင်း တင်သွင်းသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာ ပဲ Quota အား ထိခိုက်မှုမရှိစေဘဲ မြန်မာ့ ပဲ တင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့် ရှိမည်ဟု သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန် နှစ်သောင်းသုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၃ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲ အမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော် ရှိသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအား နှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း၊ ကုလားပဲ ရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

Most Read

Most Recent