မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာအတွက် အာဆီယံအကြား သဘောတူညီမှုမရသေးဘဲ လက်ရှိတွင် အဆိုပြုခံထားရသူ သုံးဦး ရှိနေ

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာအတွက် အာဆီယံအကြား သဘောတူညီမှုမရသေးဘဲ လက်ရှိတွင် အဆိုပြုခံထားရသူ သုံးဦး ရှိနေ
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
Published 6 July 2021
Ref : Kyodo News

ငါးလကျော်ကြာမြင့်လာပြီဖြစ်သည့် မြန်မာနိုင်ငံ့ရေး အကျပ်အတည်း ကူညီဖြေရှင်းပေးရန် အထူးကိုယ်စားလှယ်ခန့်အပ်ရေးကို အာဆီယံက ယခုထိအကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ  အာဆီယံအဖွဲ့အကြား ညီညွတ်မှုမရှိခြင်းက အဓိကအဟန့်အတား ဖြစ်နေပုံရကြောင်း ဂျပန်သတင်းဌာန Kyodo News က ဖော်ပြခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နေရာအတွက် အဆိုပြုခံထားရသူ သုံးဦးရှိကြောင်း အာဆီယံ သတင်းရင်းမြစ်များကပြောဆိုထားပြီး ယင်းသုံးဦးမှာ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဗီရာဆက်ခ်ဒီဖူထရာကူ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟက်ဆန်ဝီရာ ဂျူဒါနှင့်  ၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့သူ မလေးရှားဝါရင့် သံတမန် ရာဇလီအစ္စမေးတို့ ဖြစ်ကြသည်။

သို့သော်လည်း အာဆီယံသတင်းရင်းမြစ်တစ်ဦးက အထူးကိုယ်စားလှယ်ခန့်အပ်ရန် ကြန့်ကြာနေခြင်းသည် နိုင်ငံအချို့က အဆိုပြုခံရသူကို အင်ဒိုနီးရှားက ဖြစ်သင့်သည်ဟု ယတိပြတ်ဖြစ်နေ၍ဖြစ်ပြီး ယင်းအတွက် ဆွေးနွေးမှုများ ထပ်လုပ်ရမည်ဟု ဆိုသည်။

အင်ဒိုနီးရှားဘက်က ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟက်ဆန်သည် မြန်မာ့အရေးအတွက် အဖြေတစ်ခုရအောင် စွမ်းဆောင်နိုင်မည်ဟု ယူဆနေကြောင်းကိုလည်း နောက်ထပ်အာဆီယံ သတင်းရင်းမြစ်က ဆိုသည်။ သို့သော် တပ်မတော်က ထိုင်း ကိုယ်စားလှယ်ဘက်ကို ယိမ်းနေပုံရသည်ဟု Kyodo News က သတင်းဖော်ပြခဲ့သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ မလေးရှားနိုင်ငံကမူ အထူးကိုယ်စားလှယ်နေရာတွင် ပါဝင်ရန် စိတ်ဝင်စားနေသာ်လည်း အင်ဒိုနီးရှားကဲ့သို့ ပြင်းပြင်းပြပြမရှိကြောင်း သိရသည်။ စင်ကာပူကလည်း ယခုအချိန်ထိ ကိုယ်စားလှယ်နေရာအတွက် အဆိုပြုခြင်းမရှိသေးပေ။

တစ်ဖက်တွင် လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အာဆီယံကိုုယ်စားလှယ်တစ်ဦးတည်း မဟုတ်ဘဲ သုံးဦးစာရင်းကို တပ်မတော်အနေဖြင့် ရွေးချယ်ပေးရန် ဆန္ဒရှိနေသည်။

တပ်မတော်ဘက်က အထူးကိုယ်စားလှယ် အရေအတွက်ကို ဆုံးဖြတ်ပေးရန် အာဆီယံက တောင်းဆိုထားသော်လည်း ယခုအထိ အာဆီယံနှင့် မြန်မာအကြား အပြီးသတ် သဘောတူညီမှု မရသေးကြောင်း ကိုယ်စားလှယ်အဆိုပြုခံရသူ သုံးနိုင်ငံအနက် တစ်နိုင်ငံမှ အရာရှိတစ်ဦးက ဆိုသည်။

ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်နေရာအတွက် အဆိုပြုခံရသူနိုင်ငံများ၏ ရည်မှန်းချက်သည်  မြန်မာ့အရေးကို ဖြေရှင်းရန်ထက်ပိုသော ရောယှက်မှုများရှိနေကြောင်းကိုလည်း အာဆီယံ သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။ 

အင်ဒိုနီးရှားက ၎င်း၏အသုံးဝင်မှုကို ပြသရန်နှင့် သမ္မတ ဂျိုကိုဝီဒိုဒို၏ သြဇာအားကောင်းလာစေရန် မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်စေရေး၌ ပါဝင်နေလိုပြီး မလေးရှားနိုင်ငံကမူ ဘင်္ဂါလီဒုက္ခသည်အရေးနှင့် မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးကို ထည့်သွင်းစဉ်းစားနေကြောင်း၊ ထိုင်းနိုင်ငံကလည်း ၎င်း၏ နယ်စပ်လုံခြုံရေးနှင့် မြန်မာနိုင်ငံနှင့် ဆက်နွယ်သည့် ကုန်သွယ်မှု အကျိုးစီးပွားများ စိတ်ချရရန် လိုလားနေကြောင်း ၎င်းသတင်းရင်းမြစ်က ဆိုသည်။