အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် တရားစွဲဆိုထားမှုများနှင့်ပတ်သက်၍ တရားသူကြီးက ဆင်ခြင်တုံတရားနှင့်သာ ဆုံးဖြတ်ဆောင်ရွက်လိမ့်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား

အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် တရားစွဲဆိုထားမှုများနှင့်ပတ်သက်၍ တရားသူကြီးက ဆင်ခြင်တုံတရားနှင့်သာ ဆုံးဖြတ်ဆောင်ရွက်လိမ့်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား
Published 30 June 2021

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားမှုများနှင့်ပတ်သက်၍ တရားသူကြီးက ဆင်ခြင်တုံတရားနှင့်သာ ဆုံးဖြတ်ဆောင်ရွက်လိမ့်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဇွန် ၂၄ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားနိုင်ငံ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana က မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

RIA သတင်းဌာနမှ အထူးသတင်းထောက် Ms.Kukushkina Tatiana က “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ သူမကို ဘယ်လိုပြစ်မှုမျိုးနဲ့ ဘယ်လို ပြစ်ဒဏ်တွေ ချမှတ်နိုင်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေက တောင်းဆိုမှုတွေ ရှိခဲ့ပါသလား။ ရှိခဲ့တဲ့ နိုင်ငံတွေနဲ့ တောင်းဆိုမှုတွေကို အနည်းငယ်ရှင်းပြပေးစေလိုပါတယ်” ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့မေးမြန်းမှုအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျွန်တော်က တရားသူကြီးမဟုတ်တော့လည်း ခက်တယ်လေ ပြောရတာ။ အဲဒါ တရားရုံးကနေပြီးတော့ သူ့အပေါ်မှာ စွပ်စွဲထားတဲ့ အချက်တွေအပေါ်မှာ တရားသူကြီးက ဆင်ခြင်တုံတရားနဲ့ စစ်ဆေးမေးမြန်းပြီးတော့ ဆုံးဖြတ်ဆောင်ရွက်ပါလိမ့်မယ်။ တရားစွဲတဲ့အဖွဲ့အစည်းကတော့ သူတို့တွေ့ရှိချက်အပေါ် မူတည်ပြီးတော့ သူမအပေါ်မှာ တရားစွဲမှု လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ တရားသူကြီးကနေ သူစစ်ဆေးမေးမြန်းပြီးတော့မှ စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)၊ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)/ ၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

Most Read

Most Recent