အခွန်ရှောင်သည်ဆိုသော စွပ်စွဲချက်များကို သရုပ်ဆောင် Han Ye Seul ငြင်းဆို

အခွန်ရှောင်သည်ဆိုသော စွပ်စွဲချက်များကို သရုပ်ဆောင် Han Ye Seul ငြင်းဆို
Published 26 June 2021

အခွန်ရှောင်သည်ဆိုသော စွပ်စွဲချက်များကို တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင် Han Ye Seul က ငြင်းဆိုခဲ့ပြီး ၎င်းနှင့်ပတ်သက်၍ မမှန်ကန်သောစွပ်စွဲချက်များ ပျံ့နှံ့စေရန် လုပ်ဆောင်သူ၊ အမုန်းစကားပြော ကြားသူများနှင့် YouTube ပေါ်တွင် မမှန်သတင်းထုတ်လွှင့်သူများအား တရားဥပဒေအရ အရေးယူခဲ့သည်။

Han Ye Seul အား နာမည်ပျက်စေရန် သံသယဖြစ်ဖွယ် သတင်းအချက်အလက်များကို ဖြန့်ဝေနေသည့် Kim Yong Ho ကဲ့သို့ YouTube အသုံးပြုသူများအား ဥပဒေကြောင်းအရ တရားစွဲဆိုမှု ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း Han Ye Seul ၏အမှုအကျိုးဆောင် ရှေ့နေအဖွဲ့က ထုတ်ပြန်ခဲ့သည်။

မမှန်ကန်သောသတင်းများ၊ စော်ကားဝေဖန်ထားသည့် အကြောင်းအရာများအား ဖြန့်ဝေသူတစ်ဦးချင်းစီကို တရားစွဲဆိုသွားမည်ဖြစ်ကာ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် YouTube ပေါ်ရှိ အမျိုးမျိုးသော ရုပ်သံလိုင်းများ၊ ပို့စ်များ၊ မှတ်ချက်ပေးမှုများကို တစ်ခုချင်းစီစောင့်ကြည့်စစ်ဆေးရန် စီစဉ်ထားကြောင်း ရှေ့နေအဖွဲ့က ဆိုသည်။

Han Ye Seul သည် ၎င်း၏ချစ်သူကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုတွင် အလုပ်ခန့်အပ်ထားသည် ဆိုသောသတင်းနှင့် ပတ်သက်၍ စွပ်စွဲပြောကြားချက်များ ထွက်ရှိလာမှုအပေါ် Ye Seul က “ကျွန်မရဲ့ လက်ရှိချစ်သူက ကျွန်မပိုင်တဲ့ စီးပွားရေးလုပ်ငန်းက ဝန်ထမ်းတစ်ဦးပါ။ ကျွန်မရဲ့ ကုမ္ပဏီမှာ ကျွန်မအယုံကြည်ရဆုံးသူ အလုပ်လုပ်ရင် ကိုယ့်အတွက် အကူအညီရတယ်လို့ စိတ်ကူးမိလို့ သူ့ကိုအလုပ်ခန့်တာပါ။ ကျွန်မတိတ်တဆိတ်နေရင် ထိခိုက်စရာတွေ ပိုပြီးကြုံလာရတော့မှာ၊ ဒီလိုမဟုတ်မမှန် စွပ်စွဲပြောကြားနေတာကို ခွင့်ပြုနေတဲ့ လူ့အဖွဲ့အစည်းထဲမှာ တိတ်တဆိတ်မနေဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။

အခွန်တိမ်းရှောင်ရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်များ၊ အခွန်ရှောင်ရန်အတွက် Lamborghini ကားတစ်စီး ဝယ်ယူခဲ့ဖူးသည်ဟူသော ထင်ကြေးပေးမှုများကို Ye Seul က ငြင်းဆိုခဲ့သည်။

Most Read

Most Recent