ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းပြိုင်ပွဲနှင့် တိုကျိုအိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်ရန် ၀ါရင့်စပိန်တင်းနစ်သမား နဒါးလ် ဆုံးဖြတ်

ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းပြိုင်ပွဲနှင့် တိုကျိုအိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်ရန် ၀ါရင့်စပိန်တင်းနစ်သမား နဒါးလ် ဆုံးဖြတ်
Photo: Getty Images
Photo: Getty Images
Published 20 June 2021

 

ကမ္ဘာ့အဆင့် ၃ ကစားသမားဖြစ်သည့် ၀ါရင့်စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ် သည် ယခုလကုန်ပိုင်းနှင့် ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းပြိုင်ပွဲနှင့် တိုကျိုအိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် နဒါးလ် သည် ပြီးခဲ့သည့်တစ်ပတ်က ကျင်းပခဲ့သော ပြင်သစ်အိုးပင်း ဂရင်းစလင်းပြိုင်ပွဲ၌ ချန်ပီယံဆုမကာကွယ်နိုင်ဘဲ ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့် ခဲ့ပြီးနောက် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ "ရိုလန်ဂါးရို့စ်နဲ့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကြားမှာ အချိန်နှစ်ပတ်ပဲရှိတာက ကျွန်တော့်ခန္ဓာကိုယ်ကို ပြန်ပြီးအားပြည့်အောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်နဲ့ အသင်းရဲ့ အကြံပေးမှုကို နားထောင်ပြီးတော့ အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်မယ်လို့ ကျွန်တော် နားလည်ပါတယ်။ ဒီ ဆုံးဖြတ်ချက်က ကျွန်တော့်ကစားသမားဘဝကို အချိန်ပိုပြီးကြာစေမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် ပြင်သစ်အိုးပင်းနှင့် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲအကြား အချိန်သုံးပတ်ကွာဟသော်လည်း ယခုနှစ်တွင် ပြင်သစ်အိုးပင်းပြိုင်ပွဲ စတင်ကျင်းပချိန် နောက်ကျခဲ့သောကြောင့် ယင်းပြိုင်ပွဲနှစ်ခုအကြား နှစ်ပတ်သာကွာဟ တော့ခြင်းဖြစ်သည်။ နဒါးလ်သည် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲတွင် ချန်ပီယံဆုနှစ်ကြိမ်နှင့် အိုလံပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု (၂၀၀၈ တစ်ဦးချင်း၊ ၂၀၁၆ နှစ်ယောက်တွဲ) ရရှိထားသူဖြစ်သည်။ 

ဝင်ဘယ်လ်ဒန်ပြိုင်ပွဲတွင် ၎င်းမပါတော့သဖြင့် လက်ရှိချန်ပီယံ ဂျိုကိုဗစ်က ချန်ပီယံဆုကာကွယ်နိုင်ခဲ့လျှင် ဖက်ဒါရာ၊ နဒါးလ်တို့နှင့်အတူ ဂရင်းစလင်းအများဆုံး အကြိမ် ၂၀ စံချိန်ကို အမီလိုက်နိုင်မည်ဖြစ်သည်။ ထို့ပြင် ဂျပန်တင်း နစ်မယ် အိုဆာကာမှာလည်း ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှ ထပ်မံနုတ်ထွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent