နှလုံးခုန်မှန်အောင်ပြုလုပ်ပေးသည့်စက် ထည့်သွင်းမှု အောင်မြင်ပြီးနောက်ဒိန်းမတ်အသင်းကွင်းလယ်လူ အဲရစ်ဆင် ဆေးရုံမှဆင်းခွင့်ရ

နှလုံးခုန်မှန်အောင်ပြုလုပ်ပေးသည့်စက် ထည့်သွင်းမှု အောင်မြင်ပြီးနောက်ဒိန်းမတ်အသင်းကွင်းလယ်လူ အဲရစ်ဆင် ဆေးရုံမှဆင်းခွင့်ရ
Photo: Getty Images
Photo: Getty Images
Published 20 June 2021

 

ဒိန်းမတ်အသင်းကွင်းလယ်လူ အဲရစ်ဆင်သည် နှလုံးခုန်မှန်အောင်ပြုလုပ်ပေးသည့်စက် ထည့်သွင်းမှု အောင်မြင်ပြီးနောက် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ် (DBU) က အတည်ပြုထုတ်ပြန်ခဲ့သည်။

အဲရစ်ဆင်သည် ပြီးခဲ့သည့်တစ်ပတ် စနေနေ့က ဖင်လန်အသင်းနှင့်ကစားသည့် ယူရိုပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် ရုတ်တရက် နှလုံးရပ်ကာ လဲကျသွားပြီးနောက် ခြောက်ရက်အကြာတွင် ဆေးရုံမှဆင်းခွင့်ရခဲ့ခြင်းဖြစ်သည်။ 

"ခွဲစိတ်ကုသမှုက အဆင်ပြေပါတယ်။ ဒီအခြေအနေအောက်မှာ ကျွန်တော်ကောင်းကောင်းလုပ်နေပါတယ်။ များပြားလှတဲ့ ကြိုဆိုနှုတ်ဆက်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါတွေကိုမြင်ရတာ မယုံနိုင်လောက်အောင် ခံစားရပါတယ်။ ဒိန်းမတ်အသင်း ဖော်တွေနဲ့ ထပ်တွေ့ရတာ တကယ်ဝမ်းသာပါတယ်။ ရုရှားနဲ့ကစားရမယ့် တနင်္လာနေ့ပွဲမှာ ကျွန်တော် သူတို့ကို အားပေးနေမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး" ဟု အဲရစ်ဆင်က ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အဲရစ်ဆင်သည် ဆေးရုံမှဆင်းခွင့်ရရှိ ပြီးနောက် ဒိန်းမတ်အသင်း နေထိုင်လျက်ရှိသည့် လေ့ကျင့်ရေးစခန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ယင်းမှတစ်ဆင့် မိသားစုနှင့်အတူ နေအိမ်သို့ပြန်သွားခဲ့ကြောင်း သိရသည်။ အဲရစ်ဆင်သည် ဖင်လန်အသင်းနှင့်ပွဲကစားနေ စဉ် ပထမပိုင်း ၄၃ မိနစ်တွင် မည်သူနှင့်မျှ မထိခိုက်ဘဲ လဲကျသွားခြင်းဖြစ်ပြီး ဆေးအဖွဲ့က နှလုံးပြန်ခုန်လာစေရန် အရေးပေါ်ကုသမှု ပြုလုပ်ပေးခဲ့ရသည်။ ထို့နောက် ၎င်းအား ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး စစ်ဆေးမှု များပြုလုပ်ပြီးနောက် နှလုံးခုန်မှန်အောင် ပြုလုပ်ပေးသည့် ICD စက် ထည့်သွင်းတပ် ဆင်ရန် ဆရာဝန်များက ဆုံးဖြတ်ခဲ့သည်။ 

ICD စက်မှာ နှလုံးခုန်မမှန်သည်ကို မှန်အောင် ပြုလုပ်ရာတွင် လူနာ၏နှလုံးအား လျှပ်စီးဓာတ်ပေး၍ တိုင်းတာသည့်စက်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့သော်လည်း မည်သည့်အချိန်တွင် ဘောလုံးပြန်ကစားနိုင်မည်ဆိုသည်ကိုမူ ဆရာဝန်များက အတည်ပြုပြောကြားခြင်းမရှိသေးပေ။ အင်္ဂလန်ရှိ နှလုံးအထူးကုဆရာဝန်တစ်ဦးဖြစ် သူ ဒေါက်တာ စကော့မာရေးကမူ အီတလီ နိုင်ငံ၏ စည်းမျဉ်းများအရ အဲရစ်ဆင်အနေ ဖြင့် အင်တာမီလန်ကစားသမားဘဝ အဆုံးသတ်သွားနိုင်ခြေရှိကြောင်း သုံးသပ်ပြောကြားထားသည်။

နယ်သာလန်နောက်ခံလူ ဘလင်းမှာလည်း ICD စက်ထည့်သွင်းထားရပြီး လက်ရှိကျင်းပနေသည့်ယူရို ပြိုင်ပွဲတွင် ပါဝင်ကစားလျက်ရှိသည်။

Most Read

Most Recent