ချန်ပီယံ ပေါ်တူဂီကို ဂျာမနီ ဂိုးပြတ်အနိုင်ရပြီး ပြင်သစ်သရေကျသဖြင့် ရှုံးထွက်တက်ခွင့်အတွက် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်

ချန်ပီယံ ပေါ်တူဂီကို ဂျာမနီ ဂိုးပြတ်အနိုင်ရပြီး ပြင်သစ်သရေကျသဖြင့် ရှုံးထွက်တက်ခွင့်အတွက် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်
Photo: AFP
Photo: AFP
Published 20 June 2021

 

ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စု (F) ဒုတိယ ပွဲစဉ်များကို မနေ့က ယှဉ်ပြိုင်ကစားရာ ဂျာမနီအသင်းက လက်ရှိချန်ပီယံ ပေါ်တူဂီကို ဂိုးပြတ်အနိုင်ရပြီး ပြင်သစ်အသင်းမှာမူ ဟန်ဂေရီကို အနိုင်မရဘဲ သရေကျခဲ့သဖြင့် ရှုံးထွက်တက်ခွင့်အတွက် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရတော့မည်ဖြစ်သည်။

ဂျာမနီနှင့် ပေါ်တူဂီ နှစ်သင်းစလုံး အဖွင့်ပွဲမှ လူစာရင်းကို အပြောင်းအလဲမလုပ်ဘဲ ပွဲထွက်လာပြီး အိမ်ရှင်ဂျာမနီအသင်းက နောက်မှလိုက်ကစားပြီးနောက် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပွဲအစ ၁၅ မိနစ်မှာပင် ပေါ်တူဂီအသင်းအတွက် စီရော်နယ်လ်ဒိုက ဦးဆောင်ဂိုး စတင်သွင်းယူသော်လည်း ဂျာမနီအသင်း ကစားပုံပျက်မသွားဘဲ ချေပဂိုး ရရန် တိုက်စစ်မြှင့်တင်ခဲ့သည်။ 

ဂျာမနီအသင်း ၏ တိုက်စစ်ဆင်မှုများကို ပေါ်တူဂီနောက်တန်း ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပြီး ၃၅ မိနစ် တွင် ရူဘင်ဒီယက်စ်နှင့် ၃၉ မိနစ်တွင် ဂယ် ဟေရိုတို့ ကိုယ့်ဂိုးကိုယ်သွင်းယူမိသဖြင့် ပထမပိုင်းအပြီးတွင် ဂျာမနီအသင်းက ပြန်လည် ဦးဆောင်ခွင့်ရခဲ့သည်။ 

ဒုတိယပိုင်းတွင်လည်း ဂျာမနီအသင်းကသာ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနေသည့် ဟာဗက်ဇ်က ၅၁ မိနစ်တွင် တတိယဂိုးနှင့် မိနစ် ၆၀ တွင် ဂိုဆန်စ် က စတုတ္ထဂိုး ထပ်မံသွင်းယူခဲ့သည်။ ပေါ်တူဂီအသင်းအတွက် ဒုတိယချေပဂိုးကို တောင်ပံ ကစားသမား ဂျိုတာက ၆၇ မိနစ်တွင် သွင်းယူပေးခဲ့သည်။

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ယခုပွဲတွင် တစ်ဂိုးသွင်းယူခဲ့သဖြင့် ယူရိုပြိုင်ပွဲတွင် ဂိုးစုစုပေါင်း ၁၂ ဂိုးရှိလာသလို ယူရိုနှင့် ကမ္ဘာ့ဖလားစသည့် မေဂျာပြိုင်ပွဲတွင် သွင်းဂိုး ၁၉ ဂိုးရှိလာပြီး ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေး၏ အဓိက ပြိုင်ပွဲနှစ်ခုပေါင်း ဂိုးအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့သည်။

Most Read

Most Recent