၂၀၂၂ ကမ္ဘာ့ဖလားနှင့်၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲဝင်မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုစတုတ္ထနေရာအတွက် တာဂျစ်ကစ္စတန်အသင်းကို သရေ (သို့) အနိုင်ကစားရမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက အုပ်စုအောက်ဆုံးနေရာတွင်သာ ဆက်လက်ရပ်တည်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန် (၁၅) ရက် မြန်မာစံတော်ချိန် ညနေ (၄း၅၅) နာရီတွင် တာဂျစ်ကစ္စတန်အသင်းနှင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ ယန်မာအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုပထမအကျော့အဖြစ် မြန်မာနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၄-၃) ဂိုးဖြင့် အနိုင်ရရှိထားသည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုတွင်း (၇) ပွဲကစားအပြီး (၂) ပွဲနိုင်၊ (၅) ပွဲရှုံး၊ ရဂိုး (၆) ဂိုး၊ ပေးဂိုး (၃၁) ဂိုး၊ ဂိုးကွာခြားချက် (-၂၅) ဖြင့် အုပ်စုအောက်ဆုံးနေရာတွင် ရပ်တည်နေသည်။
မွန်ဂိုလီးယားအသင်းမှာ (၈) ပွဲကစားအပြီး (၂) ပွဲ နိုင၊် (၆) ပွဲရှုံး၊ ရဂိုး (၃) ဂိုး၊ ပေးဂိုး (၂၇) ဂိုး၊ ဂိုးကွာခြားချက် (-၂၄) ဖြင့် အဆင့် (၄) နေရာတွင် ရပ်တည်နေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုပထမအကျော့၌ တာဂျစ်ကစ္စတန်အသင်းကို အနိုင်ရရှိခဲ့သော်လည်း ဂျပန်နိုင်ငံသို ့သွားရောက်၍ လက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားရာတွင်မူ ပွဲတိုင်းကို ဂိုးပြတ်များဖြင့် ရှုံးနိမ့်နေသည်။
၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ထိပ်ဆုံး (၈) သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး (၄) သင်း စုစုပေါင်း (၁၂) သင်းမှာ အာရှဖလား တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
အုပ်စု ဒုတိယနေရာရ ကျန် (၄) သင်း၊ အုပ်စုတတိယနေရာရ (၈)သင်းနှင့် စတုတ္ထနေရာရအသင်းများအနက် အကောင်းဆုံး (၄) သင်း၊ စုစုပေါင်း (၁၆)သင်းမှာ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
စတုတ္ထနေရာရ ကျန် (၄)သင်းနှင့် အုပ်စုအောက်ဆုံးရပ်တည်မှုရ (၇)သင်း၊ စုစုပေါင်း (၁၁)သင်းမှာ Play-off အဆင့်ပွဲစဉ်များ ဆက်လက်ကစားရမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုစတုတ္ထနေရာရ အသင်း (၈)သင်းအနက် အကောင်းဆုံး(၄)သင်း ထဲဝင်မှသာ၂၀၂၃ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် တာဂျစ်ကစ္စတန်အသင်းကို ရှုံးနိမ့်ခဲ့မည်ဆိုပါက ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲဝင်ရောက်ခွင့်အတွက် Play-off အဆင့်ပွဲများ ဆက်လက်ကစားရမည်ဖြစ်သည်။















