အကြမ်းဖက်မှုနှင့် ယင်းကို တန်ပြန်ခြင်း

အကြမ်းဖက်မှုနှင့် ယင်းကို တန်ပြန်ခြင်း
Published 14 June 2021

အကြမ်းဖက်မှု (Terrorism) ကို အကျယ်ပြန့်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် နိုင်ငံရေးဆိုင်ရာ သို့မဟုတ် ဘာသာရေးဆိုင်ရာ သို့မဟုတ် အိုင်ဒီယိုလိုဂျီဆိုင်ရာ ရည်ရွယ်ချက် အောင်မြင်ရန် ကြောက်ရွံ့ထိတ်လန့်အောင် ပြုလုပ်ခြင်းကို နည်းလမ်းအဖြစ် အသုံးပြုလျက် ရည်ရွယ်ချက်ရှိစွာဖြင့် လက်လွတ်စပယ် အကြမ်းဖက်မှုများ အသုံးပြုခြင်းကို ဆိုလိုသည်။ ငြိမ်းချမ်းနေသည့်အချိန်ရှိ ပစ်မှတ်များကို အကြမ်းဖက်ခြင်း သို့မဟုတ် ယှဉ်ပြိုင်တိုက်ခိုက်နေမှု မရှိသူများကို စစ်ပြုခြင်းကို ရည်ညွှန်းသည်။ အကြမ်းဖက်မှုနှင့် အကြမ်းဖက်သမား (Terrorist) ဟူသည့် အသုံးအနှုန်းများသည် ၁၈ ရာစု အနှောင်းပိုင်း ပြင်သစ်တော်လှန်ရေး ကာလအတွင်း၌ အစပြုသည်။ သို့သော် ပင်မရေစီးတစ်ရပ်အဖြစ် လူသိများလာသည်မှာ အမေရိကန်သမ္မတ ရော်နယ်ရီဂင် လက်ထက် ၁၉၈၃ ခုနှစ် ဘေရွတ်စစ်တန်းလျား ဗုံးကွဲမှုများ၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ နယူးယောက်စီးတီးနှင့် ၀ါရှင်တန်ဒီစီ တိုက်ခိုက်ခံရမှုများ နှင့် ၂၀၀၂ ခုနှစ် အောက်တိုဘာလ ဘာလီ တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။

သို့သော် အကြမ်းဖက်မှုဟူသည်နှင့် ပတ်သက်၍ အများလက်ခံထားသော တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးပေ။ အစိုးရများကသာမက အစိုးရမဟုတ်သော အဖွဲ့များကပါ မိမိတို့နှင့် ဆန့်ကျင်ဘက်အဖွဲ့များအား ကိုယ်ကျင့်တရားအရ မှားယွင်းကြောင်း ပြစ်တင်ရှုတ်ချရန်လည်း Terrorism ဟူသည့် စကားလုံးကို သုံးစွဲတတ်ကြသည်။ လက်ဝဲနှင့် လက်ယာ နိုင်ငံရေး အဖွဲ့အစည်းများ၊ အမျိုးသားရေးဝါဒီအုပ်စုများ၊ ဘာသာရေးအုပ်စုများ၊ တော်လှန်ရေးအဖွဲ့များနှင့် အာဏာရ အစိုးရအဖွဲ့များ အပါအဝင် အတိုင်းအတာ ကျယ်ပြောလှသော နိုင်ငံရေးအဖွဲ့အစည်းများအား အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု အခိုင်အမာ စွပ်စွဲမှုများ ရှိခဲ့သည်။ အကြမ်းဖက်မှုနှင့် ပတ်သက်၍ နိုင်ငံအမျိုးမျိုးတွင် အကြမ်းဖက်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ကာ ဥပဒေပြဋ္ဌာန်းထားကြသည်။ သို့သော် အကြမ်းဖက်မှု မြောက် မမြောက်နှင့် ပတ်သက်၍ တစ်ကမ္ဘာလုံး သဘောတူညီထားသည့် သတ်မှတ်ချက်မရှိပေ။

အကြမ်းဖက်မှု တန်ပြန်ရေး (Counter – terrorism) ဟူသည် အကြမ်းဖက်မှုကို ကာကွယ်ရန် သို့မဟုတ် နှိမ်နင်းရန် အစိုးရအဖွဲ့များ၊ စစ်တပ်များ၊ ဥပဒေထိန်းသိမ်းရေးအဖွဲ့များနှင့် ထောက်လှမ်းရေးအေဂျင်စီများက အသုံးပြုသည့် ကျင့်ထုံးများ၊ နည်းလမ်းများ၊ နည်းဗျူဟာများနှင့် မဟာဗျူဟာများကို ဆိုလိုသည်။ အကြမ်းဖက်မှု တန်ပြန်ရေးတွင် အကြမ်းဖက်မှုအား ဘဏ္ဍာငွေထောက်ပံ့နေမှုများကို ကာကွယ်ရန် ကြိုးပမ်းခြင်းလည်း ပါဝင်သည်။ အကြမ်းဖက်မှုသည် ပိုမိုကျယ်ပြန့်သော ထကြွသောင်းကျန်းမှု၏ အစိတ်အပိုင်းဖြစ်ခဲ့ပါက အကြမ်းဖက်မှု တန်ပြန်ရေးတွင် ထကြွသောင်းကျန်းမှု တန်ပြန်ရေး နည်းလမ်းများကို သုံးစွဲနိုင်သည်။ အမေရိကန် ပြည်ထောင်စု၏ လက်နက်ကိုင် စစ်တပ်သည် ထကြွသောင်းကျန်းမှု၊ ဥပဒေမဲ့ပြုမူနေမှုနှင့် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေမှုတို့အား နှိမ်နင်းရန် သို့မဟုတ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေသည့် အခြေအနေများ လျော့ပါးစေရန် ကြိုးပမ်းမှုတွင် အခြားနိုင်ငံများအား ကူညီရန်အတွက် နိုင်ငံရပ်ခြားဆိုင်ရာ ပြည်တွင်းကာကွယ်ရေး ဟူသည့် စကားရပ်ကို အသုံးပြုသည်။

မည်သည့်အဖွဲ့ကဖြစ်စေ၊ နိုင်ငံရေး ရည်ရွယ်ချက်များအတွက် အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သည့် အပြုအမူများသည် ရာဇဝတ်မှုများ ဖြစ်ကြသည်။ စနစ်တကျ သို့မဟုတ် ကျယ်ပြန့်စွာ ကျူးလွန်သည့်အခါ လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှု မြောက်သည်။ အစိုးရအဖွဲ့များအနေဖြင့် ၎င်းတို့၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် နယ်မြေအတွင်း အစွန်းရောက်တို့၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးရန် တာဝန်ရှိသည်။ သို့သော် အကြမ်းဖက်မှု တန်ပြန်ရေး လုပ်ငန်းစဉ်များ၌ လူ့အခွင့်အရေးများကို လေးစားလိုက်နာမှုရှိရေး သေချာရန်လိုသည်။ အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်မှုမရှိဘဲ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် မတော်မတရား ဆက်ဆံခံရခြင်းတို့မှ အကာအကွယ်ပေးကာ ဥပဒေနှင့်အညီ ရုံးတင်စစ်ဆေးမှု ပြုလုပ်ရမည် ဖြစ်သည်။ အစိုးရအဖွဲ့များအနေဖြင့် လူနည်းစု တိုင်းရင်းသားများကို ပစ်မှတ်ထား နှိမ်နင်းရန်အတွက် လည်းကောင်း၊ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နှင့် အသင်းအဖွဲ့ဆိုင်ရာ လွတ်လပ်ခွင့်တို့အား တင်းကျပ်ရန်အတွက် လည်းကောင်း ငြိမ်းချမ်းစွာ စုဝေးမှုကို ဖြိုခွင်းရန်အတွက် လည်းကောင်း လုံခြုံရေးအတွက်ဟု အကြောင်းပြခွင့် မရှိပေ။ ယင်းကဲ့သို့ ပြုလုပ်မှုများသည်လည်း နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ ပြည်သူများအား အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရမည် ဖြစ်သကဲ့သို့ အကြမ်းဖက်မှု တန်ပြန်ရေးကို ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ စနစ်တကျ ပြုလုပ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာ့ဘော်