အငြင်းပွားမှုများလျော့နည်းရန်အတွက် VAR  တွင် လူကျွံဘောဖမ်းသည့်မျဉ်းအား လက်ရှိထက် ပိုထူရန် ပရီးမီးယားလိဂ် စီစဉ်နေ

အငြင်းပွားမှုများလျော့နည်းရန်အတွက် VAR  တွင် လူကျွံဘောဖမ်းသည့်မျဉ်းအား လက်ရှိထက် ပိုထူရန် ပရီးမီးယားလိဂ် စီစဉ်နေ
Photo: DAZN
Photo: DAZN
Published 14 June 2021

ပရီးမီးယားလိဂ်ပွဲစဉ်များ၌ လူကျွံဘောနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ လျော့နည်းစေရန်အတွက် VAR စနစ်တွင် အပြောင်းအလဲအချို့ပြုလုပ်ရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများက စီစဉ်နေကြကြောင်း သိရသည်။

VAR တွင် လူကျွံဘောအငြင်းပွားမှုများကို ပြန်ကြည့်ရာ၌ လူကျွံခြင်းရှိ မရှိ (ကွန်ပျူတာမော်နီတာပေါ်၌)ရေးဆွဲတိုင်းတာသော စိတ်မှန်းမျဉ်းကို ယခုထက် ပိုထူရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများက စီစဉ်နေကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မျဉ်းကို ပိုထူခြင်းဖြင့် ယခင်ကထက် အငြင်းပွားမှုများ ပိုမိုလျော့နည်းစေနိုင်သလို၊ တိုက်စစ်ကစားသမားများအတွက်လည်း ယခင်ကထက် ဂိုးသွင်းခွင့်(လူမကျွံခြင်းကြောင့်) ပိုမိုရရှိစေမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍သာ ပြီးခဲ့သည့်ရာသီက ယင်းပုံစံအတိုင်း( မျဉ်းအထူထားခြင်း) ကျင့်သုံးခဲ့လျှင် လီဗာပူးလ်မြို့ခံနှစ်သင်းကစားခဲ့သည့် မာဆေးဆိုက်ဒ်ဒါဘီပွဲ၌ အဲဗာတန်အသင်းဘက်သို့ သွင်းယူခဲ့သော လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်၏သွင်းဂိုးမှာ ပယ်ချခံခဲ့ရမည်မဟုတ်ဘဲ ရရှိလိမ့်မည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

၂၀၂၀ အောက်တိုဘာလ  (၁၇)ရက်နေ့က ကစားခဲ့သော  ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန် (၂-၂)လီဗာပူးလ်ပွဲတွင် ဟန်ဒါဆန်သည် ပွဲပြီးခါနီး ထပ်ဆောင်းအချိန်ပို၌ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား မာနေမှာ လူကျွံနေသည်ဟု VAR က ဆုံးဖြတ်ခဲ့သဖြင့် ယင်းဂိုးမှာ ပယ်ချခံခဲ့ရသည်။

လီဗာပူးလ်အသင်းအနေဖြင့် နိုင်ပွဲရသင့်လျက် လွဲချော်ခဲ့ခြင်းဖြစ်၍ ယင်းပွဲမှ  VAR ၏ဆုံးဖြတ်ချက်အား ဝေဖန်မှုများရှိခဲ့သည်။

ထို့အတူ ၂၀၂၀ နိုဝင်ဘာလ(၂၈)ရက်နေ့က ကစားခဲ့သော ဘရိုက်တန်(၁-၁)လီဗာပူးလ်ပွဲတွင်လည်း လီဗာပူးလ်အသင်း သွင်းယူသောဂိုးတစ်ဂိုးမှာ VAR ၏လူကျွံ ဘောသတ်မှတ်ချက်ကြောင့် ပယ်ချခံခဲ့ရသည်။

ယင်းပွဲ ပထမပိုင်းတွင်  လီဗာပူးလ်တိုက်စစ်မှူး ဆာလာက အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း VAR ၏လူကျွံ ဘောဆုံးဖြတ်ချက်နှင့်အတူ ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

ယင်း ၂၀၂၀ နိုဝင်ဘာလအတွင်း ကစားခဲ့သော ခရစ္စတယ်ပဲလေ့စ်(၄-၁)လိဒ်စ်ပွဲတွင် လိဒ်စ်အသင်းတိုက်စစ်မှူး  ပက်ထရစ်ဘမ်းဖို့ဒ်သွင်းယူခဲ့သည့်ဂိုးမှာ သူ၏လက် အနည်းငယ်လူကျွံသည်ဟုဆိုကာ ပယ်ချခံခဲ့ရသည်။

ဘမ်းဖို့ဒ်က သူ၏ လိဒ်စ်အသင်းဖော်အား ဘောလုံးကို ထိုးပေးရန် လက်ဖြင့် အသိပေးညွှန်ကြားခဲ့ရာ၌(ဘောလုံးတောင်းခဲ့ရာ၌) ယင်းလက်မှာ လူကျွံခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း အင်္ဂလန်ဘောလုံးပွဲများတွင် VAR ၏ လူကျွံဘောဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများစွာထွက်ပေါ်ခဲ့ရာ ပရီးမီးယားလိဂ်တာဝန်ရှိသူများက VAR ၏လူကျွံဘောစနစ်အား အပြောင်းအလဲအချို့ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ နယ်သာလန်ဘောလုံးပွဲများတွင် အသုံးပြုသည့် VAR  လူကျွံဘောစနစ်ကို လိုက်လံပြုလုပ်ရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများက စီစဉ်နေကြကြောင်း သိရသည်။

Most Read

Most Recent