အာဆီယံ၏ဘုံသဘောတူညီချက်ငါးချက်ကို ကြိုဆိုပြီး အမြန်အကောင်အထည်ဖော်ရန်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် မြန်မာနိုင်ငံ၌ ထိန်းသိမ်းဖမ်းဆီးထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် G7 ခေါင်းဆောင်များတောင်းဆို

အာဆီယံ၏ဘုံသဘောတူညီချက်ငါးချက်ကို ကြိုဆိုပြီး အမြန်အကောင်အထည်ဖော်ရန်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် မြန်မာနိုင်ငံ၌ ထိန်းသိမ်းဖမ်းဆီးထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် G7 ခေါင်းဆောင်များတောင်းဆို
Photo:AFP
Photo:AFP
Published 14 June 2021
Ref : ANI

အာဆီယံ၏ဘုံသဘောတူညီချက်ငါးချက်ကို ကြိုဆိုပြီး အမြန်အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံ၌် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် G7 ထိပ်သီးခေါင်းဆောင်များက ဇွန် ၁၃ ရက်တွင် တောင်းဆိုကြောင်း ANI သတင်းဌာနက ဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံ Cornwall  ကောင်တီ၏ Carbis Bay ကမ်းခြေအရပ်တွင် ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ ၊ အီတလီနှင့် ဂျပန်နိုင်ငံတို့ပါဝင်သည့် ထိပ်သီးစက်မှုနိုင်ငံခုနစ်နိုင်ငံ၏ ၄၇ ကြိမ်မြောက် G7 အစည်းအဝေးကိုပြုလုပ်ခဲ့ပြီး  အစည်းအဝေးနောက်ဆုံးနေ့ဖြစ်သည့် ဇွန် ၁၃ ရက်တွင် ခေါင်းဆောင်များက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ G7 ကမ္ဘာ့ခေါင်းဆောင်များက တပ်မတော်က အာဏာရယူထားမှုကို အပြင်းထန်ဆုံးရှုတ်ချကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း၊  ဒီမိုကရေစီတည်တံ့ရေးအတွက် ငြိမ်းချမ်းစွာအားပေး ဆောင်ရွက်နေသူများကို ၎င်းတို့က ဆက်လက်ထောက်ခံနေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

မြန်မာ့အရေးတွင် အာဆီယံ၏ အဓိကကျသည့်ကဏ္ဍကိုလည်း G7 ခေါင်းဆောင်များက ထည့်ဖော်ပြခဲ့ပြီး အာဆီယံခေါင်းဆောင်များ အစည်းအဝေးကနေရခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်ကို ကြိုဆိုကြောင်းနှင့် အဆိုပါငါးချက်ကို အမြန်အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း ၊ မြန်မာ့တပ်မတော်ကို အထောက်အကူဖြစ်စေမယ့် လက်နက်ရောင်းချမှု သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှုများ မပြုလုပ်ရန် ထပ်မံကတိပြုကြောင်းလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့အပြင် G7 ခေါင်းဆောင်များက မြန်မာနိုင်ငံမှ လူသားချင်းစာနာထောက်ထားရေး အခြေအနေများအပေါ် စိုးရိမ်နေကြပြီး လိုအပ်လာပါက စည်းစည်းလုံးလုံးနှင့် ထပ်မံတုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် ထပ်လောင်းအတည်ပြုခဲ့ကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် လူသားချင်း ထောက်ထားသည့် အကူအညီများ လွတ်လပ်စွာပေးခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ခေါင်းဆောင်များ လူကိုယ်တိုင်တက်ရောက်သည့် G7 ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများမဟုတ်သည့် တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံတို့လည်း ဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပြီး အိန္ဒိယကမူ အွန်လိုင်းမှ တက်ရောက်ခဲ့သည်။

Most Read

Most Recent