အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး နှင့် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး နှင့် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
Published 10 June 2021

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကြောင်း ဇွန် ၁၀ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း ပါရှိသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ခြောက်သိန်း နှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿတို့ကို သုံးကြိမ်ခွဲ၍ နေအိမ်တွင် လက်ခံရယူခဲ့ခြင်းတို့မှာ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း ပါရှိသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၆၀) ရှိ မြေ(၁ ဒသမ ၈၆) ဧက နှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသော နှုန်းထားနှင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာပါတွက်ချက်မှုအရ နိုင်ငံတော်က ကျပ်သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ရန် ဥတ္တရသီရီမြို့နယ်ရှိ မြေဧရိယာ( ၁၀၁ ဒသမ ၃၃) ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ (၂၃ ဒသမ ၈၅၅) ဧကကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီထံမှ မူလစီမံကိန်းပါ နိုင်ငံတော်ပိုင်မြေများဖြစ်သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနပိုင်မြေနှင့် အနာဂတ်တွင် အများပြည်သူအတွက် ပေါင်းလောင်း- ပျဉ်းမနား-ရှားပင်ကုန်း ထပ်ဆင့် ရေတွန်းစက်ရုံအထိ ရေပေးဝေရေး လမ်းကြောင်းစီမံကိန်းအဖြစ် လျားထားသည့်မြေနေရာများကို ပယ်ဖျက်ပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၀)၌ မြေနေရာချထားပေးခြင်း နှင့် မြေငှားစာချုပ်(မြေဂရန်) ထုတ်ပေးခြင်းတို့ကို တစ်ချိန်တည်းခွင့်ပြုပေးခဲ့ရခြင်းသည် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ မိမိ၏ ရာထူးအရှိန်အဝါကို အသုံးပြု၍ ထိုက်သင့်သည့်တန်ဖိုးထက် များစွာလျော့နည်းပေးချေခဲ့ကြောင်း စုစုပေါင်း မြေဧရိယာ ၁၂၅ ဒသမ ၁၈၅ ဧက တို့အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကြားဖြတ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ နိုင်ငံတော်မှ ကျပ် ၁၉ ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း ပါရှိသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မူလရည်ရွက်ချက်ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ပညာရေး၊လူမှုဘဝ မြှင့်တင်ရေးလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင််ဆန်းစုကြည် နေထိုင်ရန် အဆောက်အဦ နေအိမ်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အများပြည်သူမှ ထည့်ဝင်လှူဒါန်းထားသော အလှူငွေများထဲမှ ကျပ် ၁ ဒသမ ၆ ဘီလျံကျော်ကို မလျော်သြဇာ အသုံးပြု၍ သုံးစွဲ ဆောက်လုပ်စေခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း တို့ကို စစ်ဆေးပေါ်ပေါက်လာသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆိုဆောင်ရွက်ကြောင်း ပါရှိသည်။

အလားတူ ယခင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့သည် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအား နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ဥတ္တရသီရိမြို့နယ်ရှိ တစ်ဆက်တစ်စပ်တည်းဖြစ်သော မြေဧရိယာ (၁၀၁ ဒသမ ၃၃) ဧက နျင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ (၂၃ ဒသမ ၈၅၅)ဧက လျှောက်ထားရယူရာတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်သော နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၂၀)မှ မြေနေရာချပေးခြင်းနှင့် မြေငှားစာချုပ် (မြေဂရန်) ထုတ်ပေးရာတွင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျော်လွန်၍ ခွင့်ပြုပေးခဲ့ခြင်းကြောင့် ၎င်း သုံးဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ဇွန် ၉ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်ရှိကြောင်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်ဟု ပါရှိသည်။

Most Read

Most Recent