အာဆင်နယ်အသင်းအား ပေါင်(၁.၈)ဘီလီယံဖြင့် ဝယ်ယူရန်ချဉ်းကပ်မှု ပယ်ချခံရပြီးနောက် ပေါင်(၂)ဘီလီယံအထက်ဖြင့် ကမ်းလှမ်းရန် ဒန်နီယဲလ်အက်ခ်စီစဉ်

အာဆင်နယ်အသင်းအား ပေါင်(၁.၈)ဘီလီယံဖြင့် ဝယ်ယူရန်ချဉ်းကပ်မှု ပယ်ချခံရပြီးနောက် ပေါင်(၂)ဘီလီယံအထက်ဖြင့် ကမ်းလှမ်းရန် ဒန်နီယဲလ်အက်ခ်စီစဉ်
Photo: Daily Mail
Photo: Daily Mail
Published 10 June 2021

ဆွီဒင်လူမျိုး ဘီလျံနာသူဌေးတစ်ဦးဖြစ်သူ ဒန်နီယဲလ်အက်ခ်သည် အာဆင်နယ်အသင်းအား ပေါင်(၂)ဘီလီယံအထက်ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းရန်စီစဉ်နေကြောင်း သိရသည်။

ဂီတပိုင်းဆိုင်ရာနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Spotify ကို တည်ထောင်ခဲ့သူ ဒန်နီယဲလ်အက်ခ်(၃၈ နှစ်)သည် အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်မေလကတည်းက အာဆင်နယ်အသင်းကို ဝယ်ယူရန်ကြိုးပမ်းခဲ့သူဖြစ်သည်။

ဒန်နီယဲလ်အက်ခ်သည် အာဆင်နယ်အသင်းအား ပေါင် (၁.၈)ဘီလီယံဖြင့် ဝယ်ယူမည်ဟု လက်ရှိအာဆင်နယ်အသင်းပိုင်ရှင် ကရွန်ကီမိသားစုထံ ချဉ်းကပ်အဆိုပြုခဲ့သော်လည်း ၎င်း၏ကမ်းလှမ်းချက်အား ကရွန်ကီမိသားစုက ချက်ချင်းဆိုသလို ငြင်းဆန်ပယ်ချခဲ့ကြသည်။

အမေရိကန်သန်းကြွယ်သူဌေး စတန်ကရွန်ကီက မိမိအနေဖြင့် ငွေကြေးမလိုအပ်ဟုဆိုတာ ဒန်နီယဲလ်အက်ခ်၏ ချဉ်းကပ်ကြိုးပမ်းမှုအား ပယ်ချခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်း ပါဝင်ခဲ့ခြင်းအတွက် အသင်းပိုင်ရှင်ဖြစ်သူကို ပရိသတ်များက အပြင်းအထန် ဖိအားပေးနေချိန်ဖြစ်သည်။

အာဆင်နယ်ပရိသတ်များက ကရွန်ကီမိသားစုအား အသင်းမှထွက်ခွာရန် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပြီး ယင်းအချိန်တွင် ဒန်နီယဲလ်အက်ခ်က အသင်းအားဝယ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဒန်နီယဲလ်အက်ခ်၏ ကြိုးပမ်းမှုကို ဗီယာရာ၊ အွန်နရီ၊ ဘားကင့်အစရှိသော အာဆင်နယ်ဂန္ထဝင်ကစားသမားများက ၀ိုင်းဝန်းထောက်ခံအားပေးခဲ့ကြကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ဒန်နီယဲလ်အက်ခ်သည် အာဆင်နယ်အသင်း အားဝယ်ယူရန် ကြိုးပမ်းမှုကို လက်မလျှော့ဘဲ ရှေ့ဆက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းအနေဖြင့် မူလကမ်းလှမ်းခဲ့သည့် ငွေပမာဏကို နောက်ထပ် ပေါင်သန်း(၃၀၀)ခန့် ထပ်မံတိုးမြှင့်ပြီး ပေါင်(၂)ဘီလီယံအထက် ကြေးတစ်ရပ်ဖြင့် ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အာဆင်နယ်အသင်းပိုင်ရှင် စတန်ကရွန်ကီ(၇၃ နှစ်)သည် ၂၀၁၈ ခုနှစ်အတွင်းက ကလပ်အသင်း၏ရှယ်ယာအလုံးစုံနီးပါးကို ထိန်းချုပ်ခဲ့ပြီး အသင်းပိုင်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း အာဆင်နယ်အသင်းအားပေးသူပရိသတ်များမှာ ၎င်းအား အမြဲတစေဆန့်ကျင်ခဲ့ကြသည်။

အာဆင်နယ်အသင်းကို  ဝယ်ယူရန်ကြိုးပမ်းနေသူ ဒန်နီယဲလ်အက်ခ်က ၎င်းသည် အသက်(၈)နှစ်အရွယ်ကတည်းက အာဆင်နယ်အသင်းကို စတင်အားပေးခဲ့သူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသူဖြစ်သည်။

၂၀၀၆ ခုနှစ်က Spotify ကို တည်ထောင်ခဲ့သူ ဒန်နီယဲလ်အက်ခ်၏ ပုဂ္ဂိုလ်ရေးအရတစ်ဦးတည်းပိုင်ဆိုင်မှုမှာ ပေါင်(၃.၁၇)ဘီလီယံ(အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ)ခန့်ရှိကြောင်း သိရသည်။

Most Read

Most Recent