ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဂျာနယ်လစ်သုံးဦးအား ဘေးကင်းလုံခြုံရာ တတိယနိုင်ငံသို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း DVB သတင်းဌာနက ပြောကြား

ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဂျာနယ်လစ်သုံးဦးအား ဘေးကင်းလုံခြုံရာ တတိယနိုင်ငံသို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း DVB သတင်းဌာနက ပြောကြား
Published 8 June 2021
Ref: AP

မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ဂျာနယ်လစ်သုံးဦးကို ဘေးကင်းလုံခြုံရာ တတိယနိုင်ငံသို့ စေလွှတ်ပြီဖြစ်ကြောင်း DVB သတင်းဌာနက ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။

Democratic Voice of Burma (DVB) သတင်းဌာန၏ ဂျာနယ်လစ်သုံးဦးသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ပြည်နယ်တွင် မေ ၉ ရက်က မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူနှစ်ဦးဟု ဖော်ပြခဲ့ကြသည့် အခြားနှစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မေ ၂၈ ရက်တွင် ၎င်းတို့အသီးသီးအား ဒဏ်ငွေ ဘတ် ၄၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၈) နှင့် ထောင်ဒဏ် ခုနစ်လ (တစ်နှစ်အထိ ဆိုင်းငံ့) ချမှတ်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များနှင့် ဂျာနယ်လစ်အဖွဲ့များက ၎င်းတို့အား ဘေးကင်းလုံခြုံမှု စိုးရိမ်ရသော မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ထိုင်းအာဏာပိုင်များထံ တောင်းဆိုခဲ့ကြသည်။ ထိုင်းအစိုးရသည် မြန်မာတပ်မတော် အစိုးရနှင့် ယေဘုယျသဘောအရ မိတ်ဖက်ဆက်ဆံရေးမျိုးရှိသည်။

မြန်မာ့တပ်မတော်သည် ဖေဖော်ဝါရီတွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက် အတိုက်အခံပြုသူများကို အကြီးအကျယ် နှိမ်နင်းရန်ကြိုးပမ်းခဲ့ရာ ရာနှင့်ချီလျက် သေဆုံးခဲ့သည်။ ၎င်းအပြင် လိုင်စင်များ ရုပ်သိမ်းခြင်းနှင့် ဂျာနယ်လစ်များအား ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်လျက် လွတ်လပ်သော သတင်းမီဒီယာများကို တိတ်ဆိတ်သွားအောင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တရားမဝင် ဝင်ရောက်မှုဖြင့် ချင်းမိုင်တွင် ပြစ်ဒဏ်ချမှတ်ခံရသူ ငါးဦးစလုံး မကြာသေးမီက တတိယနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း DVB ၏ အလုပ်အမှုဆောင် ဒါရိုက်တာနှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောကြားခဲ့သည်။

ယင်းကိစ္စတစ်ရပ်လုံးသည် အလွန်ထိရှ လွယ်ဆဲဖြစ်သောကြောင့်ဟုဆိုကာ ၎င်းက  အသေးစိတ်အချက်အလက်များ မဆိုထားနှင့်၊ မည်သည့်နေရာသို့ စေလွှတ်လိုက်ကြောင်းကိုပင် ပြောကြားခဲ့ခြင်းမရှိပေ။

၎င်းတို့အတွက် ဖြစ်နိုင်သည့် ဘေးကင်းလုံခြုံရာလမ်းကြောင်းကို ကူညီပေးခဲ့ကြသည့်၊ ကောင်းမွန်သည့် ရလဒ်ထွက်ပေါ်အောင် လှုပ်ရှားဆောင်ရွက်ပေးခဲ့ကြသည့် ထိုင်းနိုင်ငံနှင့် ကမ္ဘာတစ်လွှားမှ လူများအား ကျေးဇူးတင်ကြောင်း ဦးအေးချမ်းနိုင်က ပြောကြားခဲ့ပြီး ၎င်းတို့၏ ဒုက္ခရောက်ခဲ့ရမှုမှ ပြန်လည် နာလန်ထလာပြီးနောက် မကြာတော့သည့် အချိန်၌ ၎င်းတို့၏ အလုပ်အကိုင်များကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

DVB သတင်းဌာနမှ အနည်းဆုံး အခြားဂျာနယ်လစ်နှစ်ဦးသည် သတင်းရယူမှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရသည်။ လွတ်လပ်သည့် အသံလွှင့်နှင့် အွန်လိုင်းသတင်းဌာနဖြစ်သော DVB သည် မတ်လက ထုတ်လွှင့်ခွင့်နှင့် ထုတ်ဝေခွင့် ပိတ်သိမ်းခံရသော သတင်းမီဒီယာ ငါးခု၌ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဂျာနယ်လစ် ၉၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ထက်ဝက်ကျော်ခန့်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်းနှင့် အခြား ၃၃ ဦးမှာ ပုန်းအောင်းနေရဆဲဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဂျာနယ်လစ်များထဲတွင် အမေရိကန်နိုင်ငံသားနှစ်ဦး ဖြစ်သည့် ဒင်နီဖန်စတာနှင့် ဦးနေသန်မောင်တို့လည်း ပါဝင်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အမေရိကန်သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်  ဦးနေသန်မောင်နှင့် အဆက်အသွယ်ရခဲ့သော်လည်း ဖန်စတာအား အကူအညီပေးရန် အဆက်အသွယ် မရသေးကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ ကျွန်တော်တို့ ဒါကို ဖိအားပေးနေပါတယ်” ဟု ဘလင်ကန်က ဇွန် ၇ ရက်က ၀ါရှင်တန်တွင် ပြုလုပ်သည့် ကွန်ဂရက်စစ်ဆေးကြားနာမှုတစ်ရပ်၌ ပြောကြားခဲ့သည်။

အမေရိကန်သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျာနယ်လစ်များကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

Frlontier Myanmar မဂ္ဂဇင်း၏ သတင်းနှင့် စီးပွားရေးဆိုင်ရာ မန်နေဂျင်း အယ်ဒီတာ ဖန်စတာသည် ဒက်ထရိုက်ရှိ မိသားစုနှင့် တွေ့ဆုံရေးအတွက် ပြန်လာရန် ကြိုးပမ်းနေစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဦးနေသန်မောင်သည် မြန်မာသတင်း ဝက်ဘ်ဆိုက်ဖြစ်သော ကမာရွတ်မီဒီယာ၏ အယ်ဒီတာချုပ်ဖြစ်ကြောင်း နယူးယောက် အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ၎င်း ဖမ်းဆီးထိန်းသိမ်းခံရသည့် မတ်လတွင် ပြောကြားခဲ့သည်။

Most Read

Most Recent