ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေအနီးတွင် ဆိုင်ကယ် စီးနင်းလာသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေအနီးတွင် ဆိုင်ကယ် စီးနင်းလာသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
Photo - CJ
Photo - CJ
Published 8 June 2021

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ ရန်ကင်းတောင်ခြေအနီးတွင် ယနေ့ (ဇွန် ၈ ရက်) နံနက်ပိုင်းက ဆိုင်ကယ်စီးနင်းလာသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေရှိ မြကျောက်ဘုရားအနီးတွင် ဇွန် ၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို အမည်မသိ လူတစ်စုမှ ကားပေါ်မှနေ၍ ပစ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိပြီး နေရာတွင် လဲကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ၏ ပြောပြချက်များအရ စုံစမ်းသိရသည်။

"ရဲ နှစ်ယောက် သေနတ်နဲ့ ပစ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ မြကျောက်ဘုရားအနီးမှာ ဖြစ်တာ။ နှစ်ယောက်လုံး သေသွားတယ်လို့လည်း ကြားရတယ်။ သေဆုံးတာနဲ့ ပတ်သက်ပြီး အတိအကျတော့ မသိရသေးဘူး"ဟု ပုသိမ်ကြီးမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက် စာမျက်နှာထက်တွင် ပျံ့နှံ့လျက်ရှိပြီး မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကမူ ရဲနှစ်ယောက်ကို ကားပေါ်မှနေ၍ ပစ်ခတ်သွားကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းကြုံတွေ့ခဲ့ရမှုကို ရေးသားထားသည်ကို တွေ့ရသည်။

ထိုကဲ့သို့ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲနှစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအခြေအနေတို့ကိုမူ ကနဦးတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ အတည်ပြု မှုမရရှိသေးပေ။

Most Read

Most Recent