အမေရိကန် ဟာသအန်နီမေးရှင်းဇာတ်ကား The Boss Baby : Family Business ကို ဇူလိုင် ၂ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသမည်

အမေရိကန် ဟာသအန်နီမေးရှင်းဇာတ်ကား The Boss Baby : Family Business ကို ဇူလိုင် ၂ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသမည်
Published 5 June 2021

အမေရိကန် ဟာသအန်နီမေးရှင်း ဇာတ်ကား The Boss Baby : Family Business ကို ဇူလိုင် ၂ ရက်မှစတင်၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့ မည်ဖြစ်သည်။ Boss Baby 2 ဟု အသိများသည့် The Boss Baby : Family Business ဇာတ်ကားသည် ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သော The Boss Baby အန်နီမေးရှင်းဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင်ဖြစ်သည်။

Puppy Co ကုမ္ပဏီ၏ အလုပ်အမှုဆောင်အရာရှိဖြစ်ပြီး အသက် ခုနစ်နှစ်အရွယ်ရှိ ဘော့စ်ဘေဘီ Ted ၏ ချစ်စဖွယ်အမှုအရာများကြောင့် လူကြိုက်များခဲ့သည့် The Boss Baby ပထမအန်နီမေးရှင်းဇာတ်ကားကို ဒေါ်လာ ၁၂၅ သန်းအကုန်ကျခံရိုက်ကူးခဲ့သော်လည်း နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၅၂၈ သန်းအထိ ရရှိခဲ့သည်။

ဇူလိုင်လတွင်ထွက်ရှိမည့် The Boss Baby : Family Business ဇာတ်ကားသည် အမေရိကန်မှ အန်နီမေးရှင်းရုပ်ရှင်ချစ် ပရိသတ်များ၏ မျှော်လင့်စောင့်စားမှုကို တစ်ခဲနက်ရရှိနေသော ဇာတ်ကားလည်းဖြစ်သည်။

ဘော့စ်ဘေဘီ၏ အစ်ကိုဖြစ်သူ Tim နှင့် ဘော့စ်ဘေဘီ Ted တို့သည် အရွယ်ရောက်ပြီးသူများ ဖြစ်လာကြပြီး ဘဝလမ်းကို ကိုယ်စီလျှောက်လှမ်းနေကြပြီဖြစ်သည်။ Tim သည် အိမ်ထောင်ဦးစီးဖြစ်နေပြီဖြစ်ကာ Ted မှာ ကုမ္ပဏီအလုပ်အမှုဆောင် အရာရှိဖြစ်သည်။ သို့သော် Ted မဟုတ်သည့် နောက်ထပ် ဘော့စ်ဘေဘီ မိန်းကလေးငယ်တစ်ဦးက Tim နှင့် Ted တို့ကို ငယ်ဘဝကရှိခဲ့သည့်အတိုင်း ညီအစ်ကိုနှစ်ဦး အတူတကွရှိစေရန် ကြိုးပမ်းဖန်တီးပေးလာချိန်တွင် အရေးတကြီးဖြေရှင်းရမည့် မိသားစုအရေးကိစ္စသစ်တစ်ခု စတင်ပေါ်ပေါက်လာခဲ့သည်။

ထိုအခြေအနေအတွင်း Tim နှင့် Ted ညီအစ်ကိုနှစ်ဦး မိသားစု၏အနက်အဓိပ္ပာယ်ကို မည်သို့ပြန်လည်ချင့်တွက်ကြမည်နှင့် မည်သည်တို့က ၎င်းတို့အတွက် အဓိကကိစ္စရပ်များ ဖြစ်နေသည်ကို ရှာဖွေဖော်ထုတ်ရင်း တွေ့ကြုံရသည့်အဖြစ်အပျက်များကို The Boss Baby : Family Business ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးဖန်တီးထားခြင်းဖြစ်သည်။

The Boss Baby : Family Business အန်နီမေးရှင်းဇာတ်ကား၏ နမူနာဗီဒီယိုကို YouTube တွင် လွှင့်တင်ပေးထားကာ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသည့် ဇူလိုင် ၂ ရက်၌ပင် Peacock ရုပ်သံလိုင်း၌ ယင်းဇာတ်ကားကို ၂၉ ရက်ကြာ ထုတ်လွှင့်ပြသပေးသွားမည်လည်း ဖြစ်သည်။

ဒါရိုက်တာ Tom McGrath ရိုက်ကူးပုံဖော်ထားပြီး Dream Works Animations မှ ထုတ်လုပ်ပေးထားသည့် The Boss Baby : Family Business အန်နီမေးရှင်းဇာတ်ကားတွင် ဘော့စ်ဘေဘီ Ted ဇာတ်ကောင်နေရာ၌ Alec Baldwin ၊ Tim ဇာတ်ကောင်နေရာ၌ James Marsden နှင့် Tina ဇာတ်ကောင်နေရာ၌ Amy Sedaris တို့က အသံနောက်ခံ ပြောကြားပေးထားကြသည်။

Most Read

Most Recent