အညာတောင်သူတို့ရဲ့ မိုးမျှော်လင့်ချက်

အညာတောင်သူတို့ရဲ့ မိုးမျှော်လင့်ချက်
အညာဒေသတောင်သူများ သီးနှံစိုက်ပျိုးရန် ထွန်ယက်သည့်မြင်ကွင်း
အညာဒေသတောင်သူများ သီးနှံစိုက်ပျိုးရန် ထွန်ယက်သည့်မြင်ကွင်း
Published 30 May 2021
သက်ထိန်ဝင်း

“စိုက်လို့တော့ ပြီးပြီ ။ နောက်မိုးမလိုက်တော့ အပင်မဖြစ်မှာ စိုးရိမ်နေရတာ” ဟု တောင်သူ ကိုသက်နိုင်ရဲ့ ငြီးတွားသံပါ။ မိုးနည်းရပ်ဝန်း အညာမြေအတွက်တော့ မိုးတစ်ကြိမ်ရွာရင် ရွာသလောက် စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေသလို မိုးခေါင်သွားရင်လည်း အတော့်ကို စိုက်ပျိုးရေးလုပ်ငန်းမှာ ဒုက္ခများပါတယ်။ ကိုယ့်စိုက်ပျိုးထားတာလေး ကိုယ်ရိတ်သိမ်းရပါမလားဆိုပြီးရင် တမမနဲ့ ဘဝ။

မကြာခင် မေလကုန်ဆုံးတော့မှာဖြစ်ပေမဲ့ အညာမှာတော့ မိုးတစ်ကြိမ်သာရပါသေးတယ်။ မေ ၁ ရက်နေ့ ရွာသွန်းခဲ့တဲ့မိုးကြောင့် တောင်သူများ မိုးဦးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ခဲ့ပေမဲ့ သီးနှံဖြစ်ထွန်းရေးအတွက်တော့ ပူပင်နေရဆဲပါ။ အညာမှာ တောင်သူလုပ်ငန်း လုပ်ကိုင်ရတာ ကံစမ်းရသလိုပါပဲ။ မိုးကောင်းလို့ အပင်ဖြစ်ရင် တောင်သူလုပ်ငန်း အဆင်ပြေမယ်။ မိုးနှောင်းသီးနှံမှာ ပိုပြီးအားထည့်စိုက်မယ်။ ရာသီကုန်လို့ အကျိုးအမြတ်ရှိရင် လူမှုစီးပွားဘဝ စိတ်အေးရတာ။

“ပြီးခဲ့တဲ့ ဆောင်းကုန်ခါနီးကတည်းက ထည်ရေးဝင်ထားတာ။ မိုးဦးကျစောရင် စောသလို စိုက်နိုင်အောင်လို့လေ။ ဒီနှစ်တော့ မိုးဦးမှန်တယ် ပြောရမယ်။ မေ ၁ ရက်နေ့ မိုးအတော်သည်းတော့ နောက်နေ့ပဲ နောက် (ပဲတီစိမ်း) စိုက်တဲ့သူလည်း စိုက်ကြတယ်။ တချို့လည်း မြေပဲတို့၊ နှမ်းတို့ စိုက်ကြတယ်။ ခုစိုက်ပြီးတာ တစ်လပြည့်တော့မယ်။ မိုးက ထပ်မရွာလို့ အပင်သေမှာစိတ်ပူနေရ တာ” ဟုတောင်သူ ကိုညွန့်လွင်က ပြောကြားပါတယ်။

အညာတောင်သူတို့အတွက် စိုက်ပျိုးစရိတ် အရင်းအနှီးဟာ လျော့သွားတယ်မရှိဘဲ တိုးလို့သာ တက်လာပါတယ်။ မျိုးစေ့မျိုးဆန်စျေးနှုန်း၊ မြေဆီမြေသြဇာ စျေးနှုန်းကနေ ပြည်တွင်းဖြစ် လုပ်သားခအထိ အတက်ဘက်မှာပဲ ရှိပါတယ်။ သီးနှံစျေးကတော့ တက်လိုက်ကျလိုက်နဲ့ဆိုတော့ တောင်သူများ မိုးကောင်းလို့ အထွက်ကောင်းရင်တောင် သီးနှံစျေးရဖို့ ဆုတောင်းရသေးတယ်။ တချို့နှစ်များ ပေးကားပေး-မရဆိုသလိုပဲ။

မိရိုးဖလာစိုက်ပျိုးနည်းစနစ်၊ မသေချာတဲ့ စျေးကွက်နဲ့ မမှန်တော့တဲ့ ရာသီဥတုတွေကြောင့် တချို့လည်း တောင်သူလုပ်ငန်းစွန့်ခွာကြတယ်။ တချို့လည်း အိမ်ရှိလူကုန် တောင်သူမလုပ်ဘဲ  အမျိုးသားတွေက မြို့ပြတွေနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ တချို့ရွာများဆို အရွယ်ကောင်း သိပ်တောင်မကျန်ဘူး။ ရွာတစ်ရွာလုံးနဲ့ဆိုင်တဲ့ ဘုရားပွဲလိုမျိုးရှိမှ ရွာမှာလူစုံကြတာ။

ဒီနှစ် သီးနှံစျေး အတော်များများ အတက်ဘက်မှာ ရှိနေပါတယ်။ ပဲတီစိမ်းစျေးလည်း တစ်တင်း ၃၀၀၀၀ ကျပ်အထက်မှာရှိနေပြီး မြေပဲစျေးလည်း အတက်ဘက်မှာပဲရှိပါတယ်။ စျေးနှုန်းဟာ တောင်သူဘက်မှာရှိနေချိန် မိုးဟာအခြားတစ်ဖက်ကို ထွက်မသွားဖို့ ဆုတောင်းနေရပါတယ်။

“ပဲတီစိမ်းတွေက စဝင်နေပြီ။ ပေါ်စကတည်းက တစ်တင်းကျပ် ၃၀၀၀၀ ကျော်နဲ့ စျေးစတယ်။ အရင်ရက်က ငွေစျေးတက်တုန်းကဆိုရင် ၃၈၀၀၀ လောက်အထိ ရှိတယ်။ ခုရက်ပိုင်း ငွေစျေးပြန်ကျတော့ ပဲတီစိမ်းစျေးလည်း နည်းနည်းပြန်ကျတယ်။ တစ်နေ့ကို နယ်စုံကနေ အိတ် ၃၀၀၀ လောက်အထိ ဝင်တယ်။ ဒိုင်မှာ အရောင်းအဝယ်လည်း သွက်တယ်။ လက်ရှိကတော့ တရုတ်သမားဝယ်နေတယ်။ လက်ရှိစျေးက တောင်သူရောင်းပျော်ပါတယ်” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုစိန်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ နှမ်းစျေးနှုန်းဟာ အတော်ကို မြင့်မားတဲ့ဘက်မှာ ရှိပါတယ်။ ပေါ်စဆိုရင် တစ်တင်း ၈၀၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်စျေးရှိပါတယ်။ တချို့နှစ်တွေမှာ မိုးမှန်လို့ သီးနှံအထွက်ကောင်းပြီး တောင်သူများ အကျိုးအမြတ်မနည်းခဲ့ဘူး။ တချို့တောင်သူများဆိုရင် မိုးဦးသီးနှံကို လက်လွှတ်ပြီး မိုးနှောင်းနှမ်းကိုပဲ အားထည့်စိုက်ကြတော့တယ်။ သို့သော်လည်း အချို့နှစ်မှာ သီးနှံပွင့်ဖူးချိန်မှာ မိုးမရလိုက်တဲ့အတွက် အထွက်နှုန်းကျဆင်းတာကြောင့် တောင်သူများထိုက်သင့်တဲ့ အကျိုးအမြတ် မခံစားလိုက်ရပါဘူး။ တချို့ဆိုရင် စိုက်ပျိုးစရိတ်အရင်းတောင် မရကြဘူး။ သို့ပေမဲ့ ရွေးချယ်စရာ နည်းပါးတော့ စိုက်ချိန်ရောက်ရင် စိုက်ကြရတာပါပဲ။

အညာဒေသက အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ် ပဲစင်းငုံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး စျေးနှုန်းအလွန်အမင်း ကျဆင်းခဲ့ပါတယ်။ တစ်တင်း ကျပ်  ၃၀၀၀၀ အထက် ရောင်းဝယ်ခဲ့ရာကနေ အဓိကမှာယူတဲ့ အိန္ဒိယနိုင်ငံက တင်သွင်းခွင့် ကန့်သတ်လိုက်တဲ့အတွက် တစ်တင်းကို ၆၆၀၀ ကျပ်ဝန်းသာ ပေါက်စျေးရှိတဲ့အထိ စျေးကျသွားခဲ့့ပါတယ်။ အဲဒီနောက် အကန့်အသတ်နဲ့ ပြန်တင်သွင်းခွင့်ပြုတာကြောင့် စျေးနှုန်းအတော်အသင့် ပြန်တက်လာပါတယ်။ သို့ပေမဲ့ တောင်သူကတော့ မစိုက်တော့သလောက်ပဲ။ ဒီနှစ်မှာ ပဲစင်းငုံ၊ ပဲတီစိမ်းနဲ့ မတ်ပဲတင်သွင်းခွင့် လွတ်လပ်စွာတင်သွင်းခွင့် အိန္ဒိယက ခွင့်ပြုလိုက်ပါတယ်။

သီးနှံစျေးနှုန်းကလည်း ချက်ချင်းဆိုသလို မြင့်တက်လာပါတယ်။ ပဲစင်းငုံတစ်တင်းကျပ် ၃၀၀၀၀ ကျော်သွားပြီး ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စျေးအမြင့်ဘက် ရောက်တာပါ။ လက်ရှိစျေးက တောင်သူအတွက် စိုက်ပျော်ပေမဲ့ တခြားသီးနှံတွေ စိုက်ပျိုးပြီးချိန်ဆိုတော့ တောင်သူအတွက် ပျော်ရမလို ငိုရမလိုပါပဲ။ တောင်သူကိုဗညားက “တောင်သူတွေက စိုက်ပြီးမှ ပဲစင်းငုံ စျေးတက်တာ သိတာ။ စိုက်ခင်းဖျက်ပြီး သူ့စိုက်လို့လည်း မဖြစ်တော့ဘူး။ မိုးဦးမစိုက်ရသေးတဲ့ အခင်းတွေတော့ စိုက်ချင်စိုက်ကြမှာ။ အတော်များများကတော့ မစိုက်နိုင်တော့ဘူး။ ဒီစျေးနှုန်းကတော့ တောင်သူက စိုက်ပျော်ပါတယ်” ဟု ပြောပါတယ်။

ပဲစင်းငုံသီးနှံဟာ အညာဒေသမှာ စိုက်ပျိုးဖို့ သင့်တော်တဲ့သီးနှံပါ။ မိုးခေါင်မှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိသလို နွားစာအတွက်လည်း ပူပန်စရာမလိုပါဘူး။ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ပြီး ရိတ်သိမ်းခြွေလှေ့ချိန်မှာ ရရှိလာတဲ့အမှုန်အမွှား (ပဲစာမှော်) ဟာ နွားစာအတွက် အတော်ကို အထောက်အကူပြုပါတယ်။ တောင်သူတွေဟာ ပဲစင်းငုံစိုက်ပျိုးဖို့ဆိုတာ စျေးနှုန်းတစ်ရပ်ပဲလိုပါတယ်။

“ပဲစင်းငုံစျေးတက်လာတဲ့ အကြောင်းရင်းက အိန္ဒိယက အရင်လို မကန့်သတ်ဘဲ တင်သွင်းခွင့် ဖွင့်ပေးလိုက်လို့ပါ။ လက်ရှိစျေးကတော့ တောင်သူတွေအတွက် စိုက်ပျိုးသင့်ပါတယ်။ လက်ရှိမှာဆိုရင် မျိုးစေ့အတွက်လည်း မပူပင်ရဘူး။ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ ပြုပြင်ထားတဲ့ မျိုးတွေရှိနေပြီ။ ပဲစင်းငုံစျေးက အိန္ဒိယက ဝယ်နေသရွေ့တော့ စျေးက ကောင်းနေမှာပဲ” ဟု ပခုက္ကူမြို့မှ ကိုထွန်းထွန်းအောင်က ပြောပါတယ်။

အညာဒေသမှာ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းအလိုက် သီးနှံတွေစိုက်ပျိုးကြသလို မိုးဦးသီးနှံဖြစ်ထွန်းမှ နောက်သီးနှံတွေအတွက် အားထည့်ပြီး ပြင်ပငွေတိုးမရှာဘဲ တောင်သူက စိုက်နိုင်ပျိုးနိုင်တာ။ မိုးဦးမိုးလယ်က ရတဲ့အမြတ်နဲ့ စားဝတ်နေရေးဖြေရှင်း၊ မိုးနှောင်းသီးနှံကရတဲ့ အမြတ်နဲ့ ဘာသာရေးလူမှုရေးစတဲ့ အလုပ်တွေ လုပ်ရကိုင်ရတာ။ ဒီလိုနေနိုင်ဖို့ မိုးရွာသွန်းမှုဟာ များစွာအရေးပါသလို သီးနှံစျေးနှုန်းကလည်း အသက်သွေးကြောတစ်ခုပါ။

အညာဒေသမှာ အများစုဟာ တောနေလူဦးရေက များပါတယ်။ တောသူတောင်သား လုပ်ငန်းကောင်းမှ မြို့ပေါ်က လုပ်ငန်းများလည်း အရောင်းအဝယ်ကောင်းပါတယ်။ စားသောက်ကုန်၊ လူသုံးကုန်နဲ့ အခြားလုပ်ငန်းတွေဟာ တောင်သူလုပ်ငန်းကို အများကြီးမှီခိုရပါတယ်။ ဒါကြောင့်လည်း “တောသာမှ မြို့ဆူဖြိုးတာ” ဟု ပြောကြတာပါ။ သီးနှံစျေးကွက် ပြန်လည်ကောင်းမွန်နေတဲ့အချိန်မှာ တောင်သူတွေကို မျက်နှာသာပေးဖို့ မိုးနတ်ပေးတာဝန်ပဲ ကျန်ပါတော့တယ်။ တောင်အရပ်ဆီက အုံ့ဆိုင်းနေသော တိမ်တွေ အညာမြေဆီရောက်ရှိ ရွာသွန်းပေးရင်တော့ အညာတောင်သူတို့ ပျော်ရွှင်ရမှာပါ။           

Most Read

Most Recent