မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူ  နှစ်သောင်းခန့်ရှိလာပြီဟု အိန္ဒိယပြောကြား

မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူ  နှစ်သောင်းခန့်ရှိလာပြီဟု အိန္ဒိယပြောကြား
Published 27 May 2021
Ref: Sputnik

အိန္ဒိယနယ်စပ် ပြည်နယ်ဖြစ်သည့် မီဇိုရမ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားဦးရေ နှစ်သောင်းခန့်ရှိနေပြီဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ၏ အကြံပေးက ပြောကြားသည်။

မစ္စတာဇိုရမ်သန်ဂါသည် ဗဟိုအစိုးရ၏ ညွှန်ကြားချက်များကို မကြည့်ဘဲ မြန်မာဒုက္ခသည်များကို လက်ခံကူညီရန် ရှေ့ဆုံးက ပါဝင်နေသူလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယအရှေ့ မြောက်ပိုင်းပြည်နယ် မီဇိုရမ်ထဲသို့ ဖေဖော်ဝါရီနှောင်းပိုင်းမှ စတင်ကာ ထွက်ပြေးခိုလှုံမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

“ပြည်နယ်အရာရှိတွေဆီက အတည်ပြုချက်အရ မီဇိုရမ်ဘက်ကို ဖြတ်ကျော် ရောက်ရှိလာသူဦးရေဟာ တိုးလာပါတယ်။ နှစ်သောင်းလောက် ရောက်နေပါတယ်။ မေလ ၁၁ ရက်အထိ ဒုက္ခသည် ၁၅၄၆၈ ဦးလောက်ပဲ ရှိသေးပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း အရေအတွက်တိုးလာပြီး နှစ်သောင်းလောက် ဖြစ်သွားပါတယ်။ ၆၀၀၀ ကျော်က ပြည်နယ် မြို့တော် အိုက်ဇောမှာရှိတယ်” ဟု မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်၏ အကြံပေး လာရမ် ဇော်ဗာက Sputnik ရုရှားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မီဇိုရမ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်၌ နေထိုင်သူများနှင့် မီဇိုရမ်ပြည်နယ်တွင် နေထိုင်သူများသည် လူမျိုးစုအရ ဆက်နွယ်နေသည်ဟု သိရသည်။ နယ်စပ်ဒေသ၌ နေထိုင်သူများအနေဖြင့် ထွက်ပြေးလာသူများကို ငြင်းဆန်ရန် ခက်ခဲသည်ဟု လာရမ်ဇော်ဗာက ပြောကြားသည်။ လက်ရှိတွင် ဒုက္ခသည်များကို NGO အဖွဲ့များက စောင့်ရှောက်ပေးထားပြီး အိန္ဒိယဗဟိုအစိုးရက မည်သည့် ထောက်ပံ့မှုမျှ မပေးသည့်အတွက် ပြည်တွင်း NGO များအနေဖြင့် အကူအညီပေးနေရကြောင်း၊ ဗဟိုအစိုးရသည် လက်အချိန်ထိ မည်သည့်အကူအညီ၊ ငွေကြေးတစ်စုံတစ်ရာ အထောက်အပံ့မျှ မပေးသေးကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

၎င်း၏အဆိုအရ ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါသည် ဝန်ကြီးချုပ်နာရင်ဒရာ မိုဒီထံ စာရေးသားပေးပို့ခဲ့ပြီး စာထဲတွင် မီဇိုရမ်နှင့်ထိစပ်နေသည့် မြန်မာဘက်မှ ချင်းလူမျိုးများသည် လူမျိုးအရ အိန္ဒိယမီဇို လူမျိုးများ၏ ညီအစ်ကိုများပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးမရခင်ကပင် ချင်းလူမျိုးများနှင့် အဆက်အသွယ် နီးနီးကပ်ကပ်ရှိခဲ့ကြကြောင်း၊ ထို့ကြောင့် မီဇိုရမ်အနေဖြင့် ၎င်းတို့ ဒုက္ခရောက်နေသည်ကို ဂရုမစိုက်ဘဲနေ၍ မရကြောင်း ရှင်းပြခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများထဲတွင် အချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းကိုလည်း မီဇိုရမ်ပြည်နယ် အာဏာပိုင်တစ်ဦးက ပြောကြားထားသည်။

Most Read

Most Recent