မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရန် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးသည် မြန်မာ့အရေးကို ချဉ်းကပ်ရာ၌ အထူးအရေးကြီးကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြောကြား

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရန် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးသည် မြန်မာ့အရေးကို ချဉ်းကပ်ရာ၌ အထူးအရေးကြီးကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြောကြား
Photo:Reuters
Photo:Reuters
Published 26 May 2021
Ref:ANI

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အမေရိကန်ကို အလည်အပတ်ရောက်နေသည့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် ပူးတွဲပြုလုပ်သော အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရန် ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်ရေးသည် မြန်မာ့အရေးကိုချဉ်းကပ်ရာ၌ အထူးအရေးကြီးသည်ဟု ပြောကြားခဲဲ့ကြောင်း သိရသည်။

 

ဘိုင်ဒန်သည် မွန်ဂျေအင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် အိမ်ဖြူတော်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားနှင့် သံတမန်ရေးစေ့စပ်ညှိနှိုင်းလိုကြောင်း ပြောကြားခဲ့ကြသည့်အပြင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိအောင် လုပ်ဆောင်ပေးသွားမည်ဟုလည်း ပြောကြားခဲ့ကြခြင်း ဖြစ်သည်။

 

အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ ပါဝင်သည့် လေးနိုင်ငံအုပ်စုအပြင် အာဆီယံအပါအဝင် ဒေသတွင်း မဟာမိတ်များနှင့် ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ၄င်းတို့နှစ်ဦး ဆွေးနွေးခဲ့ကြကြောင်း Straits Times သတင်းစာက ဖော်ပြခဲ့သည်။

 

“ထိုင်ဝမ်ရေလက်ကြား တစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေးလိုမျိုး ဒေသဆိုင်ရာတည်ငြိမ်ရေးအတွက် အရေးပါတဲ့ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီပြန်လည်ရရှိအောင် တပ်မတော်ကို ဖိအားပေးဖို့ ကျွန်တော်တို့ ဆောင်ရွက်နေကြတာဆိုတော့ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဟာ မြန်မာအရေး ချည်းကပ်မှုကို ပူးပေါင်းလုပ်ဆောင်ရာမှာ အထူးသဖြင့် အရေးကြီးပါတယ်” ဟု အမေရိကန်သမ္မတ ဂျိုးဘို်င်ဒန်က ပြောကြားသည်။

 

ဘိုင်ဒန် သမ္မတဖြစ်လာခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါသည် ပြီးခဲ့သည့်လက အမေရိကန်နိုင်ငံသို့ ပထမဆုံး ရောက်လာသည့် ပြည်ပခေါင်းဆောင်တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားသမ္မတမှာမူ ဘိုင်ဒန်လက်ထက်တွင် အမေရိကန်သို့ ရောက်လာသည့့် ဒုတိယမြောက် ပြည်ပခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

 

မြန်မာနို်င်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၈၀၀ ကျော်ရှိနေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၀၀၀ ကျော် ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည််။

 

Most Read

Most Recent