၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌ တရားသူကြီးချုပ် (ငြိမ်း) ဦးအောင်တိုး ကွယ်လွန်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌ တရားသူကြီးချုပ် (ငြိမ်း) ဦးအောင်တိုး ကွယ်လွန်
Published 25 May 2021

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သည့် တရားသူကြီးချုပ် (ငြိမ်း) ဦးအောင်တိုးသည် မေ ၂၄ ရက်က ကွယ်လွန်ခဲ့ကြောင်း မေ ၂၅ ရက် နိုင်ငံပိုင်သတင်းစာများတွင် ကျန်ရစ်သူ မိသားစုဝင်များ၏ နာရေးကြော်ငြာအရ သိရသည်။

တရားသူကြီးချုပ်(ငြိမ်း) ဦးအောင်တိုးသည် နိုင်ငံတော် အခြေခံဥပဒေရေးဆွဲရန်အတွက် တပ်မတော်အစိုးရလက်ထက် ၁၉၉၃ ခုနှစ် ဇန်နဝါရီတွင် ကျင်းပသည့် အမျိုးသားညီလာခံ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ဖွဲ့စည်းသည့်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ထပ်မံ တာဝန်ပေးအပ်ခြင်းခံခဲ့ရသူ ဖြစ်သည်။

ဦးအောင်တိုးဦးဆောင်၍ အဖွဲ့ဝင် ၅၄ ဦးပါဝင်သည့် အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ရေးဆွဲပြီးစီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ၂၀၀၈ ခုနှစ် မေ ၂၉ ရက်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြဋ္ဌာန်းကြောင်း ကြေညာခဲ့ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တရားသူကြီးချုပ်(ငြိမ်း) ဦးအောင်တိုးကပင် တာဝန်ယူခဲ့သည်။ တရားသူကြီးချုပ် (ငြိမ်း)  ဦးအောင်တိုးသည်  ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent