စိတ်ချရသည့် အခြေအနေရှိပါက ရွေးကောက်ပွဲ လုပ်မည်ဖြစ်ပြီး တစ်နှစ်အတွင်းရပါက တစ်နှစ်အတွင်း ဖြစ်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

စိတ်ချရသည့် အခြေအနေရှိပါက ရွေးကောက်ပွဲ လုပ်မည်ဖြစ်ပြီး တစ်နှစ်အတွင်းရပါက တစ်နှစ်အတွင်း ဖြစ်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
Published 23 May 2021

စိတ်ချရသည့်အခြေအနေရှိပါက ရွေးကောက်ပွဲလုပ်မည်ဖြစ်ပြီး တစ်နှစ်အတွင်းရပါက တစ်နှစ်အတွင်းဖြစ်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မေ ၂၀ ရက်က တရုတ်နိုင်ငံ Phoenix သတင်းဌာနနှင့် Video Conferencing ဖြင့် ပြုလုပ်သည့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်ပြီး Phoenix သတင်းဌာနက မေးမြန်းမှု အကြောင်းအရာအပြည့်အစုံကို ထုတ်လွှင့်ခြင်းမရှိသေးဘဲ အထက်ပါ အချက်အား ထုတ်နုတ်၍  မေ ၂၂ ရက် သတင်း​တစ်ရပ် ထုတ်လွှင့်သည်။

ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်၍ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''ကျွန်တော်တို့ကတော့ တပ်မတော်က လက်ခံထားတာကတော့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့ပါပဲ။ ဒီစနစ်ကို သွားနိုင်ဖို့အတွက် စိတ်ချရတဲ့ အခြေအနေ ရှိတယ်ဆိုရင် ကျွန်တော်တို့ လုပ်မှာပါ။ တကယ်လို့ တစ်နှစ်အတွင်းမှာ ရသွားရင်လည်း တစ်နှစ်အတွင်းမှာပေါ့လေ။ နောက်ထပ် ​ ခြောက်လတိုးပြီး ခြောက်လအတွင်းမှာ ရရင်လည်း ရမယ်”ဟု ဖြေကြားသည်။

ထို့အပြင် ဆန္ဒပြမှုဖြိုခွဲသည့် ဖြစ်စဉ်များတွင် သေဆုံးသူ ၇၀၀ ကျော်ရှိသည်ဆိုသည့် ပြောဆိုချက်များသည် စာရင်းအင်းမရှိဘဲ ပြောဆိုခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တုံ့ပြန်ပြောကြားသည်။

"တကယ်သေတာ သုံးရာနီးပါးရှိပါတယ်။ ရဲမှာလည်း သေတဲ့သူအများကြီးရှိတယ်။ ရဲ ၄၇ ယောက်သေခဲ့တယ်။ ၂၀၀ ကျော်ဒဏ်ရာရတယ်''ဟု ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ပြောကြားသည်။

အထက်ပါ တွေ့ဆုံးမေးမြန်းမှုနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ သတင်းအကျဉ်းချုပ်သာ ထုတ်ပြန်ထားပြီး အမေးအဖြေ အကြောင်းအရာ အသေးစိတ် အင်တာဗျူးပုံစံ ထုတ်ပြန်ခြင်းမရှိသေးပေ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix သတင်းဌာနမှ နိုင်ငံရေးဆိုင်ရာ အကြီးတန်းသတင်းထောက်နှင့် Talk with World Leaders အစီအစဉ်တင်ဆက်သူ Ms. Fu Xiao Tian အား  Video Conferencing မှ တစ်ဆင့် လက်ခံတွေ့ဆုံရာတွင်  မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်း အဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးချက်များနှင့် ဆက်လက် လုပ်ဆောင် သွားမည့် အခြေအနေများ၊  ရခိုင်ပြည်နယ်အရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအပေါ် ထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြား သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent