မဲစာရင်းများ စစ်ဆေးပြီးစီးပါက ဥပဒေနှင့်မညီ ဆောင်ရွက်ခဲ့သည့် NLD ပါတီအား ဖျက်သိမ်းရန်နှင့် ဆောင်ရွက်ခဲ့သူများကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူရန် စဉ်းစား ဆောင်ရွက်မည်ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြား

မဲစာရင်းများ စစ်ဆေးပြီးစီးပါက ဥပဒေနှင့်မညီ ဆောင်ရွက်ခဲ့သည့် NLD ပါတီအား ဖျက်သိမ်းရန်နှင့် ဆောင်ရွက်ခဲ့သူများကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူရန် စဉ်းစား ဆောင်ရွက်မည်ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြား
Published 21 May 2021

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းများ စစ်ဆေးပြီးစီးပါက ဥပဒေနှင့်မညီ ဆောင်ရွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား ဖျက်သိမ်းရန်နှင့် ဆောင်ရွက်ခဲ့သူများကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူရန် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မေ ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေပွဲ အဖွင့်အမှာစကားပြောကြားရာတွင် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

'' မဲပေးတဲ့နေရာမှာလည်း နောက်ပိုင်းကျတော့ COVID ကို အကြောင်းပြပြီးတော့ ၂၉ ရက် ၁၀ လ နေ့ကစပြီး ကြိုတင်မဲတွေပေး စသည်ဖြင့် သူတို့လိုက်ပြီးတော့ ကြိုက်သလောက်ထည့်၊အဲ့တာတွေကလည်း သတင်းစာထဲမှာ ပါပါတယ်။ ကားပေါ်မှာ မဲလက်မှတ်တွေပေး၊ ကြိုက်သလိုလုပ်၊ ဘယ်လိုခေါ်မလဲ၊ ဥပဒေနဲ့မညီဘဲနဲ့ မသင့်မလျော်ဆောင်ရွက်ခဲ့တာတွေ သွားတွေ့ရပါတယ်။ နောက်ပြီးတော့ ကော်မရှင်ကလည်း နိုင်ငံသားကတ်၊ စိစစ်ရေးကတ်ပြားမရှိတဲ့လူတွေလည်း မဲပေးနိုင်တယ်ဆိုတာ၊ တစ်ယောက်ယောက်က ထောက်ခံရင် မဲပေးနိုင်တယ်စသည်ဖြင့် ညွှန်ကြားချက်တွေ၊ ဒါတွေက သွားထုတ်တဲ့ဟာ ဥပဒေနဲ့မညီဘူး။ အစကတည်းက နိုင်ငံသားကတ်ရှိမှ ပေးရမယ်ဆိုပြီး ဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။ အဲ့တော့ အဲ့ဒီလို ဆောင်ရွက်တာတွေဟာ ပါတီတစ်ခုတည်းက ရွေးကောက်ပွဲ အနိုင်ရပြီးတော့ အစိုးရဖွဲ့နိုင်ရေးအတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ ပါဝင်စွက်ဖက်တဲ့ အထောက်အထားကိုလည်း သတင်းစာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲ့တော့ မကြာမီ မဲစာရင်းတွေ စစ်ဆေးပြီးစီးမှာ ဖြစ်တဲ့အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ အဲ့ဒီလို ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ပါတီကို ဖျက်ပစ်ရမှာလား။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေသည် နိုင်ငံတော်သစ္စာဖောက်အနေနဲ့ ကျွန်တော်တို့ အရေးယူရမှာလား။ စဉ်းစားဆောင်ရွက်ဖို့ ဖြစ်ပါတယ်'' ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ယခင်ရွေးကောက်ပွဲကော်မရှင်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၏ မဲမသမာမှု စာရင်းများကို ရွေးကောက်ပွဲအပြီးတွင် ပြန်လည် စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် နိုင်ငံရေးပါတီများအနေနှင့် ရွေးကောက်ပွဲတွင် ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်ခြင်းကြောင့် ကော်မရှင်၏ ဘက်လိုက်မှုများ၊ ကော်မရှင်အဖွဲ့ခွဲများ၏ ဘက်လိုက်မှုများကို တွေ့ရှိရခြင်းကြောင့် လာမည့် ရွေးကောက်ပွဲများတွင် ယင်းသို့ မဖြစ်စေရန် ကော်မရှင်သို့ တွေ့ကြုံခဲ့ရသည့် အထောက်အထားများကို ပေးပို့ကြရန်လည်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက '' မတရားမှုတွေ၊ ဘက်လိုက်မှုတွေ၊ ကော်မရှင်ကလည်း ပါရင် ပါနိုင်တယ်။ ကော်မရှင်ဆိုတာ ကော်မရှင်အဖွဲ့ခွဲတွေကလည်း ဘက်လိုက်မှု ပါနိုင်တာကို ကျွန်တော်တို့ သွားတွေ့ရတယ်။ အဲ့တော့ အဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ တွေ့ကြုံခံစား အသိအမြင်ပေါ့၊ ဒါတွေက နောင်မဖြစ်ရအောင် ဘယ်လိုလုပ်သင့်တယ်၊ ခင်ဗျားတို့ ဟာတွေကိုလည်း သိရှိခံစားခဲ့ရတဲ့ မသမာမှုဆောင်ရွက်ခဲ့တာတွေကို အထောက်အထားတွေနဲ့ ကျွန်တော်တို့ဆီကို စာရေးပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ အဲဒီဟာတွေကို ကျွန်တော်တို့ ပြုစုပြီးတော့ နိုင်ငံတော်ကို အစီရင်ခံတဲ့အခါမှာလည်း တစ်တပ်တစ်အား သုံးချင်ပါတယ်'' ဟု ပြောကြားသည်။

မဲစာရင်းများ စစ်ဆေးရာတွင် နိုင်ငံသားကတ် မရှိဘဲ မဲစာရင်းတွင် အစုလိုက်ပါဝင်နေခြင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းနှင့် မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ် ပါဝင်နေခြင်းများကို တွေ့ရှိရခြင်းသည် မဲစာရင်များ ပြုစုရာတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကောက်ယူသည့် စာရင်းအား မြို့နယ်ကော်မရှင်က မဲစာရင်းထည့်သွင်းဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပါတီအောင်နိုင်ရေးအဖွဲ့များက ပူးပေါင်းကောက်ယူခြင်း၊ မဲစာရင်းကောက်ယူရာတွင်လည်း ရပ်ကွက်၊ ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ခြင်း ရှိ၊ မရှိ၊ နိုင်ငံသား စိစစ်ရေးကတ် ရှိ၊ မရှိ၊ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်၊ မဟုတ် စသည်များကို စိစစ်ခြင်းမရှိသည့်အတွက် မှားယွင်းမှုများ ဖြစ်ပေါ်ရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

'' ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲစာရင်းတွေ စစ်ဆေးတဲ့အခါမှာ ပြည်နယ်နှင့်တိုင်းအနှံ့ စစ်ဆေးခဲ့ပါတယ်။ အဲ့တော့ မှားယွင်းမှုတွေက တစ်နေရာ တစ်မျိုး မဟုတ်ဘဲနဲ့ အားလုံးက တူညီပြီးတော့ မှားနေတာတွေ သွားတွေ့ရပါတယ်။ တစ်ပုံစံတည်း မှားတာတွေ သွားတွေ့ပါတယ်။ ကြိုတင်စီမံဆောင်ရွက်တဲ့အပိုင်းတွေ သွားတွေ့ပါတယ်'' ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၅၉ ပါတီ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent