မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး နည်းလမ်းရှာဖြေရှင်းကြရန် RCSS တိုက်တွန်း

မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး နည်းလမ်းရှာဖြေရှင်းကြရန် RCSS တိုက်တွန်း
Published 21 May 2021

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး နည်းလမ်းရှာ ဖြေရှင်းကြရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) က တိုက်တွန်းသည်။

မေ ၂၁ ရက်တွင် ကျရောက်သည့် (၆၃) နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနား ထုတ်ပြန် ကြေညာချက်တွင် RCSS/SSA က ထိုသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးဖြင့် ဖြေရှင်းသည့် နည်းလမ်းတစ်ရပ်သာဖြစ်ပြီး ပြီးပြည့်စုံသည် မဟုတ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အပြည့်အဝတည်ဆောက်နိုင်မှသာလျှင် ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း လည်း RCSS/SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းအမျိုးသားတော်လှန်ရေးနေ့သည် တော်လှန်ရေးသမားတို့၏ မျိုးချစ်စိတ်ကို အသိအမှတ်ပြုသည့် နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့တွင် တိုင်းပြည်နှင့် လူမျိုးအတွက် တိုက်ပွဲဝင်နေစဉ်အတွင်း ကျဆုံးသွားခဲ့ သော အရာရှိများနှင့် တပ်ဖွဲ့ဝင်များအား ရည်စူး၍ ကောင်းမှုကုသိုလ် လှူဒါန်းခြင်းများ ပြုလုပ်ပေးကာ ၎င်းတို့၏ ဝိညာဉ်များအားလုံး ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်းလည်း RCSS/SSA ဆုတောင်းပေးထားသည်။

(၆၃) နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့မှ တော်လှန်ရေးပန်းတိုင် ရောက်ရှိသည်အထိ အမျိုးသား ၊ နိုင်ငံ၊ ဘာသာ သာသနာတို့ကို အခြေခံ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း RCSS/SSA က ကြေညာ ချက် ထုတ်ပြန်သည်။

RCSS/SSA သည် ၂၀၁၅ ခုနှစ်တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Most Read

Most Recent