အမျိုးသားလုံခြုံရေးအဖွဲ့ (NSB) ကို ဖွဲ့စည်းထားရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား

အမျိုးသားလုံခြုံရေးအဖွဲ့ (NSB) ကို ဖွဲ့စည်းထားရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား
Published 19 May 2021

အမျိုးသားလုံခြုံရေးကဏ္ဍအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau- NSB) ကို ဖွဲ့စည်းထားရှိပြီး အဆိုပါအဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau- NSB) ကို ဖေဖော်ဝါရီ ၉ ရက် နေ့စွဲဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မတ် ၅ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးနှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားသည်။

အဆိုပါအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထား၍ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ ပေါင်းစပ်၍ အမျိုးသားလုံခြုံရေးတာဝန်များအား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

အမျိုးသားလုံခြုံရေးအဖွဲ့၏ နေ့စဉ်လုပ်ငန်းတာဝန်များကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့တွင်ပါဝင်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့် ရုံးအဖွဲ့အား ဖွဲ့စည်းထားရှိရမည်ဖြစ်ပြီး အဆိုပါ ရုံးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော်စစ်ဘက်ရေးရာ အရာရှိချုပ်ရုံး၊ ဌာနကြီးမှူးတစ်ဦးက ကြီးကြပ်ကွပ်ကဲ၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်တွင် ဖော်ပြထားသည်။

Most Read

Most Recent