ရွေးကောက်ပွဲကော်မရှင်အစည်းအဝေး တက်ရောက်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲသောကြောင့် ပြည်သူ့ပါတီအထွေထွေအတွင်းရေးမှူး အပါအဝင် ပါတီဝင်အချို့ ပါတီမှနုတ်ထွက်

ရွေးကောက်ပွဲကော်မရှင်အစည်းအဝေး တက်ရောက်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲသောကြောင့် ပြည်သူ့ပါတီအထွေထွေအတွင်းရေးမှူး အပါအဝင် ပါတီဝင်အချို့ ပါတီမှနုတ်ထွက်
Published 18 May 2021

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေ ၂၁ ရက်တွင် ပြုလုပ်မည့် ညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့ပါတီ တက်ရောက်မည်ဖြစ်ကြောင်း ယင်းပါတီတွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဦးကျော်ကျော်ထွေး (ခ) မာကီးက မေ ၁၈ ရက်တွင် အတည်ပြု ပြောကြားသည်။

ကော်မရှင်အစည်းအဝေး တက်ရောက်မည့်အပေါ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်း သဘောထားကွဲလွဲမှု အပါအဝင် ပါတီအား ဝေဖန်မှုများရှိသော်လည်း ကော်မရှင်အစည်းအဝေးအား ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးကျော်ကျော်စိုး တက်ရောက်မည်ဟု ၎င်းက ပြောကြားသည်။

“ပါတီနိုင်ငံရေးလုပ်ပြီဆိုရင် ရွေးကောက်ပွဲကော်မရှင်ကတော့ မဆက်ဆံလို့ မရဘူးပေါ့။ အဲဒီတော့ပါတီတွင်းမှာ အကျိတ်အနယ် အစည်းအဝေးလုပ်ကြတယ်။ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတော့ အများသဘောတူ ဆုံးဖြတ်တဲ့အခါကျတော့ ရှေ့မှာလည်း အကြိမ်ကြိမ် ငြင်းခဲ့ပြီးသွားပြီ။ ဒီတစ်ကြိမ်မှာတော့ တက်သင့်တယ်ဆိုပြီးတော့ အားလုံးဆုံးဖြတ်ပြီးတော့ တက်လိုက်တဲ့သဘောပါ” ဟု ပြည်သူ့ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးကျော်ကျော်ထွေး (ခ) မာကီးက ပြောကြားသည်။

ဦးသိန်းစိုး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့ပါတီတက်ရောက်ခြင်း မရှိသော်လည်း မေ ၂၁ ရက်တွင် ပြုလုပ်မည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ရန် မေ ၁၇ ရက်က ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ အစည်းအဝေး တက်ရောက်ရန် ဆုံးဖြတ်ခြင်းကြောင့် ပြည်သူ့ပါတီ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပါတီအထွေထွေ အတွင်းရေးမှူး အပါအဝင် ပါတီဝင်အချို့ နုတ်ထွက်မှုများရှိကြောင်း ဦးကျော်ကျော်ထွေး (ခ) မာကီးက ပြောကြားသည်။

“ရှေ့မှာ ပြည်သူ့ပါတီအနေနဲ့ အာဏာထိန်းတယ်ဆိုတာက စပြီးတော့ အကြိမ်ကြိမ် ကြေညာချက်တွေ၊ သဘောထားတွေ ထုတ်ပြန်ပြီးသား ဖြစ်တယ်။ ပါတီတစ်ရပ်အနေနဲ့က ပါတီတစ်ခုရဲ့လုပ်ပိုင်ခွင့်ဘောင်ထဲက လုပ်ရတာကိုး။ ပါတီရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲက ကျော်ပြီး လုပ်ချင်တယ်ဆိုရင်တော့ ပါတီဝင် လုပ်ဖို့ အဆင်မပြေနိုင်ဘူး။ ပါတီဆိုရင်တော့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဆက်ဆံရမှာပဲ။ ဆက်ဆံရမှာပဲဆိုတော့ သွားတက်တဲ့အပေါ်မှာ တချို့ကတော့ သဘော မကျဘူးပေါ့နော်။ သဘောမကျလို့ နုတ်ထွက်မယ်တို့ ဘာတို့ ဖြစ်တဲ့သူတွေ လည်းရှိတယ်။ ဒါပေမဲ့ ပါတီက အများစုကတော့ လက်ခံကြပါတယ်” ဟု ပြည်သူ့ပါတီတွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) က ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်အစည်းအဝေး တက်ရောက်ရန် ပြည်သူ့ပါတီ၏ မေ ၁၇ ရက် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပါတီထံ နုတ်ထွက်စာတင်ခဲ့ပြီး မန္တလေးတိုင်းမှ ပါတီခေါင်းဆောင်ပိုင်းအချို့လည်း ပါတီမှ နုတ်ထွက်မှုများရှိကြောင်း သိရသည်။

ပါတီမှနုတ်ထွက်ထားကြောင်း အတည်ပြုသော်လည်း နုတ်ထွက်မှုနှင့်ပက်သက်၍ လတ်တလောတွင် မှတ်ချက်မပေးလိုသေးကြောင်း ပြည်သူ့ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။

ကော်မရှင်အစည်းအဝေး တက်ရောက်ရန် ပါတီ၏ဆုံးဖြတ်ချက်များ ထွက်ပေါ်လာပြီးနောက် မန္တလေးတိုင်းရှိ ပါတီထိပ်ပိုင်း ခေါင်းဆောင်များ အပါအဝင် ပါတီဝင်အချို့လည်း နုတ်ထွက်မှုများရှိကြောင်း သိရသည်။

ပြည်သူ့ပါတီ မန္တလေးတိုင်း ဒုတိယ ဥက္ကဋ္ဌဒေါက်တာအောင်စိုးမြင့်ကလည်း မေ ၁၇ ရက်တွင် ကျင်းပသည့် ပြည်သူ့ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ဆုံးဖြတ်ချက်ကို လက်မခံနိုင်သဖြင့် မန္တလေးတိုင်းပါတီ ဒုတိယဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မေ ၁၇ ရက်က ရေးသားထားသည်။

မေ ၂၁ ရက်တွင် ပြုလုပ်မည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ NLD ပါတီ အပါအဝင် တည်ဆဲနိုင်ငံရေးပါတီများကို ဖိတ်ကြားထားပြီး အစည်းအဝေးတွင် ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ရေးနှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေးကိစ္စများကို ဆွေးနွေးမည်ဟု ပြည်ထောင်စု ရွေးကောာက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မေ ၁၅ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Most Read

Most Recent