မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ခုနစ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၄၀၀၀၀ ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်

မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ခုနစ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၄၀၀၀၀ ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်
Published 13 May 2021

မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူမြို့နယ်၊ မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ စခင်းမြို့နယ်နှင့် မင်းတုန်းမြို့နယ်တို့တွင် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၁၆၁၀ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၁ ခုနှစ် မေ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မကွေးတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ်ခုနစ်မြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၈၅၄၇ ရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်ပါဝင်နေသူ ၁၀၀၄၂၆ ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ မြေပြင်စစ်ဆေးချက်များအရ အဆိုပါ မြို့နယ်ခုနစ်မြို့နယ်တွင် မဲရုံပေါင်း ၁၂၁၄ ရုံ၊ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲ လက်မှတ်အရေအတွက်မှာ ၉၈၆၂၁၁ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၆၇၀၂၅၁၊ ကျန်ရှိရမည့်အရေအတွက်မှာ ၃၁၅၉၆၀၊ မြေပြင်လက်ကျန် ၂၉၅၁၀၁ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကွာခြားချက်အနေဖြင့် အဆိုပါ မြို့နယ် ခုနစ်မြို့နယ်တွင် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းပျောက်ဆုံးနေသော မဲလက်မှတ်အရေအတွက် ၂၂၅၈၁ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၁၇၂၂ ဖြစ်ကြောင်းနှင့် မြို့နယ်အလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရရှိနေခြင်းတို့ကို တွေ့ရှိရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent