အာဆီယံအစည်းအဝေး သဘောတူညီချက်ငါးချက်ကို တပ်မတော်ခေါင်းဆောင်ပိုင်းက လိုက်နာလာရေး နိုင်ငံတကာက ပိုမိုဖိအားပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးရုံး တောင်းဆို

အာဆီယံအစည်းအဝေး သဘောတူညီချက်ငါးချက်ကို တပ်မတော်ခေါင်းဆောင်ပိုင်းက လိုက်နာလာရေး နိုင်ငံတကာက ပိုမိုဖိအားပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးရုံး တောင်းဆို
Published 13 May 2021
Ref: VOA

စေ့စပ်ဆွေးနွေးမှုစတင်ရန် မကြာသေးမီက အာဆီယံနှင့် သဘောတူညီမှုရရှိထားသော်လည်း ဆန္ဒပြသူများကို ဖြိုခွင်းခြင်းများ ဆက်လက်လုပ်ဆောင်နေသည့် မြန်မာ့တပ်မတော်ကို ထပ်မံ၍ နိုင်ငံတကာဖိအားပေးမှုများ လုပ်ဆောင်ရန် မေ ၁၂ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တောင်းဆိုခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြခဲ့သည်။

ကန့်ကွက်ဆန္ဒပြခြင်းများကို ဆက်လက်လုပ်ဆောင်နေသည့် ဆန္ဒပြသူများကို တပ်မတော်ဘက်က ဖြိုခွင်းခြင်းရပ်မည့် လက္ခဏာ မမြင်ရသေးကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ကုလသမဂ္ဂရုံးက ပြောကြားသည်။

မြန်မာလုံခြုံရေးအဖွဲ့ဝင်များသည် မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသည်ဟု မဟာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ ရူးပတ်ကိုလ်ဗီးက ပြောကြားခဲ့သည်။

“အိမ်တွေ၊ ရုံးခန်းတွေကို နေ့တိုင်းဝင်စီးနေပါတယ်။ လောလောဆယ်မှာ လူ ၃၇၄၀ ထိိန်းသိမ်းခံထားရပါတယ်။ ထိန်းသိမ်းခံထားရသူ ရာချီပြီး ဘယ်ကိုရောက်နေတယ်။ သူတို့ ရဲ့ကံကြမ္မာ ဘယ်လိုရှိတယ်ဆိုတာ မသိရလို့ ကျွန်တော်တို့ အလွန်စိုးရိမ်နေပါတယ်။ ဒါတွေဟာ အတင်းအကြပ် လက်စဖျောက်တဲ့သဘော သက်ရောက်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လွန်ခဲ့သည့်လတွင် တပ်မတော်သည် အရပ်ဘက်လူ့အဖွဲ့အစည်း၏ တက်ကြွလှုပ်ရှားသူများ၊ ကုန်သွယ်ရေးသမဂ္ဂဝင်များ၊ ဂျာနယ်လစ်များ၊ ပညာရှင်များနှင့် နာမည်ကျော်အနုပညာရှင်များကို ပစ်မှတ်ထားသည့် ဖမ်းဆီးအမိန့် ၁၅၀၀ ကျော်ကို ထုတ်ပြန်ခဲ့ကြောင်း ကိုလ်ဗီးက ပြောကြားသည်။

တပ်မတော်အနေဖြင့် ၎င်းတို့အလိုရှိသူများအား လာရောက်အဖမ်းခံစေရန် ယင်းအလိုရှိသူများ၏ မိသားစုဝင်များကို ဖမ်းဆီးခြင်းများလုပ်နေကြောင်း ကိုလ်ဗီးက ဆိုသည်။

ဧပြီ ၂၄ ရက် အာဆီယံအစည်းအဝေးတွင် သဘောတူခဲ့သည့် အချက်ငါးချက်ကို တပ်မတော်ဗိုလ်ချုပ်များ လိုက်နာလာရန် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုကြီးမားသည့် ဖိအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အကြမ်းဖက်မှုချက်ချင်းရပ်ရန်၊ ငြိမ်းချမ်းသည့်နည်းလမ်းနှင့် အဖြေရှာရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအကြားတွင် အပြုသဘောဆောင်သည့် စေ့စပ်ဆွေးနွေးမှု ပြုလုပ်ရန် ဆိုသည့်အချက်များ အဆိုပါ အချက်ငါးချက်ထဲတွင် ပါဝင်ခဲ့သည်။

တပ်မတော်ခေါင်းဆောင်ပိုင်းသည် အဆိုပါအချက်ငါးချက် အကောင်အထည်ဖော်မည့်အဆင့်များကို လုပ်ဆောင်ခြင်းမျိုး မရှိကြောင်း ကိုလ်ဗီးက ပြောကြားသည်။

“အကျိုးဆက်ကတော့ အကြမ်းဖက်မှု ဆက်ဖြစ်နေတာ၊ အတင်းအကြပ်ဖမ်းဆီး၊ ထိန်းသိမ်းတာတွေ ဆက်လက်လုပ်ဆောင်နေတာ၊ ပြည်သူတွေ နိုင်ငံကနေ ထွက်ပြေးနေတာကို ကျွန်တော်တို့ မြင်နေရတာဖြစ်ပါတယ်။ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအလွှာအားလုံး ဆိုးရွားစွာထိခိုက်သွားတာ မြင်ရမှာပါ” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent