မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန် တပ်မတော်၏ ပူးပေါင်းမှုလိုအပ်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန် တပ်မတော်၏ ပူးပေါင်းမှုလိုအပ်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 13 May 2021
Ref: Reuters

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် တပ်မတော်၏ ပူးပေါင်းမှု လိုအပ်ကြောင်းနှင့် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန် တပ်မတော်ကို အာဆီယံနိုင်ငံများအနေဖြင့် ဆက်လက် တွန်းအားပေးသင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မေ ၁၁ ရက်တွင် ပြောကြားသည်။

“ဒါဟာ လွယ်ကူမယ့်ကိစ္စတော့ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ပူးပေါင်းမှု လိုအပ်ပါတယ်”ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး  ဗီဗီယန်ဘာလာခရစ်ရှ်နန်က  လွှတ်တော်အတွင်း မေးမြန်းချက်အပေါ် တုံ့ပြန် ပြောဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ဂျကာတာ၌ ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် ရခဲ့သော ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာ့တပ်မတော်က စောင့်ထိန်းရန်၊ အထူးသဖြင့် အခြေအနေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်နှင့် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း အားလုံးနှင့် အဓိပ္ပာယ်ရှိသော ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန် အာဆီယံနိုင်ငံများက ဆက်လက် စုပေါင်း တိုက်တွန်းရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားဖမ်းဆီးခံများကို ပြန်လွှတ်ပေးရန် အာဆီယံက ဆက်လက်၍ တောင်းဆိုသင့်သည်ဆိုသော အချက်များလည်း ပါဝင်ခဲ့သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးမှ ရခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်တွင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေးအချက်မှာ ပါဝင်လာခြင်း မရှိပေ။

မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်ယက်ဆင်၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီနှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့က မြန်မာဘက်ကို သီးခြားတောင်းဆိုခဲ့သည့် အချက်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် ဆိုသောအချက်မှာ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လေ့လာရန် လာမည့် သီတင်းပတ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားသတင်းဌာန Arirang က ဆိုသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းကိုလည်း အာဆီယံအဖွဲ့က ပြောကြားထားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။                      

Most Read

Most Recent