ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန်နှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို သက်ဆိုင်သူအားလုံးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက် ဖိအားပေးရမည်ဟု G7 အစည်းအဝေးတွင် အမေရိကန် တိုက်တွန်း

ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန်နှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို သက်ဆိုင်သူအားလုံးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက် ဖိအားပေးရမည်ဟု G7 အစည်းအဝေးတွင် အမေရိကန် တိုက်တွန်း
လန်ဒန်၌ ကျင်းပသော ဂျီ ၇ ဆွေးနွေးပွဲ မြင်ကွင်းကို မေ ၄ ရက်က တွေ့ရစဉ်
လန်ဒန်၌ ကျင်းပသော ဂျီ ၇ ဆွေးနွေးပွဲ မြင်ကွင်းကို မေ ၄ ရက်က တွေ့ရစဉ်
Published 6 May 2021

ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန်နှင့် မြန်မာ့နိုင်ငံ့ရေး အကျပ်အတည်းကို သက်ဆိုင်သူအားလုံးနှင့်အတူ ငြိမ်းချမ်းစွာ အဖြေရှာရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက် ဖိအားပေးရမည်ဟု မေ ၄ ရက်က လန်ဒန်မြို့၌ ကျင်းပသည့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တိုက်တွန်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မေ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာတပ်မတော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည် ဖော်ဆောင်ရန် တိုက်တွန်းခဲ့ပြီး တပ်မတော်နှင့် စီးပွားရေးအရ ဆက်နွှယ်မှုများကို ပြန်လည်သုံးသပ်ကြရန် နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံရေးဝန်ကြီး အန်တိုနီဘလင် ကင်က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တပ်မတော်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်နွယ် ဆောင်ရွက်နေမှုတွေကို ပြန်လည် သုံးသပ်ကြဖို့ နိုင်ငံအားလုံးကို ကျွန်တော်တို့ တိုက်တွန်းခဲ့ပါတယ်။ တာဝန်ခံရစေရေး တိုးမြှင့်လုပ်ဆောင်ရေး ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် က ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ မေ ၅ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က မြန်မာနိုင်ငံတွင် ပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်ဖော်ထုတ်ရန် ကြိုးစားနေမှုအပေါ် အားပေးထောက်ခံကြောင်း ပြောကြားသည်။

“ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်ကိုရပ်တန့်ရမှာ ဖြစ်ပါတယ်။ မြန်မာ ပြည်သူလူထုတွေက မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်နေတာကို ကျွန်တော်တို့ အားပေး ထောက်ခံပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောကြားသည်။

ထို့အတူ ပြည်သူများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် အကျပ်အတည်းကို သက်ဆိုင်သူ အားလုံးနှင့်အတူ ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ဖိအားပေးရန် စသည့်အချက်များကိုလည်း G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဂျလီနာပေါ်တာက ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ မေ ၅ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး၊ မတရားဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရေး၊ အကျပ်အတည်းကို သက်ဆိုင်သူ အားလုံးနဲ့အတူ ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ပြီး ဖိအားပေးကို ပေးရမှာ ဖြစ်ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဂျလီနာပေါ်တာက ပြောကြားသည်။

G7 ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံ ခုနစ်ခု၌ ပါသည့်  ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် အမေရိကန်အပြင် သြစတြေးလျ၊ အိန္ဒိယ၊ တောင်အာဖရိက၊ တောင်ကိုရီးယားမှ ဝန်ကြီးများကိုလည်း ဗြိတိန်နိုင်ငံက ဖိတ်ကြားထားကြောင်း သိရသည်။