အမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်များအပြီးတွင် ချယ်လ်ဆီးအမျိုးသမီးအသင်းနှင့် ဘာစီလိုနာအမျိုးသမီးအသင်းတို့သည် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းနှင့် ဘာစီလိုနာအသင်းတို့သည် ၂၀၀၁ ခုနှစ်က စတင်ခဲ့သည့် ယင်းပြိုင်ပွဲတွင် ချန်ပီယံမဖြစ်ဖူးသည့် အသင်းများဖြစ်ပြီး၊ ယခုနှစ်ပြိုင်ပွဲသည် ချန်ပီယံသစ်ပေါ်ထွက်မည့် ပြိုင်ပွဲလည်းဖြစ်လာသည်။
ဘာစီလိုနာအသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် မန်စီးတီးအသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် PSG အသင်းတို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ချယ်လ်ဆီးအသင်းကမူ ကွာတားဖိုင်နယ်အဆင့်တွင် ဝုလ်ဖ်ဘတ်နှင့် ဆီမီးဖိုင်နယ်အဆင့်တွင် ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲတက်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာနှင့် PSG တို့ ဆုံတွေ့ခဲ့သည့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းက အဝေးကွင်းတွင် (၁-၁)ဂိုးဖြင့် သရေ၊ အိမ်ကွင်းတွင် (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီး၊ ချယ်လ်ဆီးအသင်းကမူ ဘိုင်ယန်မြူးနစ်ကွင်းတွင် (၂-၁)ဂိုးဖြင့် ရှုံးကာ၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင်မူ (၄-၁)ဂိုးဖြင့် ပြန်လည်အနိုင်ရကာ ဗိုလ်လုပွဲတက်ခဲ့ခြင်းလည်းဖြစ်သည်။
ချယ်လ်ဆီးအမျိုးသမီးအသင်းသည် ယခုရာသီတွင် တစ်ရာသီအတွင်း ဖလား (၄)လုံးအောင်မြင်မှုရယူနိုင်ရန်မျှော်လင့်နေပြီး အမျိုးသမီးပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်းထက် တစ်ပွဲလျော့၊ တစ်မှတ်အကွာဖြင့် ဒုတိယနေရာ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ FA ဖလား ပဉ္စမအဆင့်နှင့် လိဂ်ဖလားတွင်လည်း ဗိုလ်စွဲထားကြောင်း သိရှိရသည်။















