နာဂစ်မုန်တိုင်း ၁၃ နှစ် ပြည့်ခဲ့ပြီ

နာဂစ်မုန်တိုင်း ၁၃ နှစ် ပြည့်ခဲ့ပြီ
နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန်ခံစားခဲ့ရသည့် လပွတ္တာမြို့နယ်အတွင်းရှိ လူနေမှုမြင်ကွင်းအချို့
နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန်ခံစားခဲ့ရသည့် လပွတ္တာမြို့နယ်အတွင်းရှိ လူနေမှုမြင်ကွင်းအချို့
Published 2 May 2021
သတင်းအဖွဲ့

မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်များအနက် အဆိုးရွားဆုံးဖြစ်တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာဟာ ၂၀၂၁ ခုနှစ် မေ ၂ ရက်ဆိုရင် ၁၃နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အပျက် အစီးဆုံးရှုံးမှု အများဆုံး သဘာဝဘေးအဖြစ် နံပါတ် (၈) အဆင့်ရှိခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ် မေ ၂ ရက် ညနေပိုင်းကနေ စတင်ပြီးတော့ တိုက်ခတ်ခဲ့ပါတယ်။

ထိုအချိန်က အစိုးရရဲ့ တရားဝင်ထုတ်ပြန်မှုအရ လူပေါင်း ၁၃၈၀၀၀ ကျော် အသက်ဆုံးပါးခဲ့ကာ အိမ်ရာအဆောက်အအုံပေါင်း ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ၁၁ ဒသမ ၈ ထရီလီယံကျပ်အထိ ရှိတယ်လို့ဆိုပါတယ်။ ဒေသခံများကတော့ ဒါကိုလက်မခံကြပါဘူး။ မုန်တိုင်း ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ဒေသများမှာရှိတဲ့ ဆားကွင်းတွေ၊ လယ်ယာတွေ၊ ရေလုပ်ငန်းတွေမှာ  အဝေးနေရာများကနေ လာရောက်လုပ်ကိုင်နေကြတဲ့ စာရင်းမဝင်အိမ်ထောင်စုမဲ့ လုပ်သားများစွာဟာလည်း နာဂစ်မုန်တိုင်းနဲ့အတူ ကွယ်ပျောက်သွားကြရတာကြောင့်ပါပဲ။       

ဟိုင်းကြီးကျွန်းဆွယ်ကို ဦးတည်ပြီးတော့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၁၃၀ ခန့် အထိရှိကာ အချင်းဝက်အကျယ် ၁၉၀ မိုင်၊ တောင်မြောက်အကျယ် ၂၅၅ မိုင်ခန့်အထိရှိတဲ့ နာဂစ်မုန်တိုင်းဟာ လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ၀ါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လတ်၊ ပန်းတနော်၊ ရန်ကုန်မြို့များကို ဖြတ်သန်းပြီးတော့ လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူများရဲ့ အသက်ပေါင်းများစွာ၊ ပိုင်ဆိုင်မှုများစွာကို ဖျက်ဆီးသွားခဲ့ပါတယ်။ အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတဲ့ မြို့နယ်ကတော့ လပွတ္တာမြို့နယ်ပါပဲ။ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးကို နာဂစ်မုန်တိုင်းဟာ အမှောင်ဖုံးစေခဲ့ပါ တယ်။

“နာဂစ်မတိုင်ခင် ကျွန်တော်တို့ ရွာလေးမှာ အိမ်ခြေတစ်ထောင်ကျော်ရှိတယ်။ ကျွန်တော်တို့ရွာက အရမ်းစည်တာ။ ရွာမှာရွှေဆိုင်သာမရှိတာ။ ရွှေပန်းတိမ်ပါရှိတယ်။ အခုဟိုးမှာမြင်နေရတဲ့ နေရာလေးမှာ ရွှေပန်းတိမ်။ ဒီနားကဝပ်ရှော့ရုံကြီး။ ဒီဘက်ဘေးက ငါးပိစက်ရုံကြီး။ အရမ်းစည်တယ်။ ညဘက်တွေတောင်မှ စည်ကားနေတာ။ မီးမောင်းထားပြီးတော့ လင်းထိန်နေတာ” ဟု လပွတ္တာမြို့နယ် ပြင်စလူမြို့ သင်္ကန်းကြီးကျေးရွာ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးညီညီထွန်းက ယခင်ကျေးရွာတည်ရှိခဲ့တဲ့ ပင်လယ်ကမ်းစပ်သောင်ပြင်အထက်မှာ ဝေတွေစွာရပ်တန့်ရင်း ပြောပြခဲ့မှုအရ ဘယ်လိုတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုတာကို သိနိုင်ပါတယ်။

သူပြောတဲ့ နေရာဟောင်းလေးဟာ ယခုအချိန်မှာတော့ သစ်တိုင်ငုတ်များ၊ အုတ်တိုင်ငုတ်များသာ ကျန်ရှိပြီး သောင်ခုံပြင် သက်သက်သာ ဖြစ်တည်နေတာပါ။ ကျေးရွာအဟောင်းနေရာလေးမှာ လူနေအိမ် သုံးဆယ်ခန့်သာရှိတော့ပြီး များပြားလွန်းစွာသော ကလေးငယ်များစွာနှင့် သက်ကြီးရွယ်အိုများ ပိုက်ထောင်၊ ကဏန်းထောင်လုပ်ဆောင်နေတဲ့ လူငယ်အချို့ကိုသာ တွေ့မြင်ရပါတော့တယ်။ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ကျေးရွာရှိလူဦးရေ ရာခိုင်နှုန်း ၇၀ အသက်ဆုံးပါးခဲ့ရတဲ့ ရွာကလေးပါပဲ။

၁၃ နှစ်တာကြာမြင့်ခဲ့ပေမဲ့ ပြန်လည်ဖွ့ံဖြိုးတိုးတက်လာဖို့ ယနေ့အချိန်အထိ အရှိန်ယူနေရဆဲဖြစ်တဲ့ မြို့နယ်ဟာ လပွတ္တာမြို့နယ်ပါ။ မြို့ပေါ်နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကလည်း လွန်စွာကွာခြားခဲ့ပြီးတော့ ကျေးလက်ဒေသတွေမှာမှ ကုန်းလမ်းဆက်သွယ်ရေးရရှိတဲ့ ကျေးရွာများနဲ့ ကုန်းလမ်းဆက်သွယ်ရေး ယနေ့အချိန်မရှိသေးဘဲ ရေလမ်းသက်သက်ကိုသာ အားကိုးနေရတဲ့ ကျေးရွာများဟာ ပြန်လည်တည်ဆောက်နိုင်မှု အလွန်ကွာခြားလှပါတယ်။ လပွတ္တာမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာများရဲ့  ရာခိုင်နှုန်း ၇၀ ဟာ ရေလမ်းကိုသာ အားကိုးနေရတဲ့ ကျေးရွာများပဲဖြစ်ပါတယ်။ လေသံမိုးသံကြားတာနဲ့ လှိုင်းခေါင်းဖြူချိုးနေတဲ့ ပင်လယ်သဖွယ် မြစ်ရေပြင်ကို ဖြတ်သန်းသွားဖို့ မလွယ်ကူတာကြောင့် ဒေသစွန့်ခွာသူတွေလည်း ၁၃ နှစ်တာအတွင်း အလွန်များပြားခဲ့ပါတယ်။

 

                      

ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေဆဲ ဒေသတွင်းစီးပွားရေး

ကျေးရွာအများစုမှာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ရန်ကုန်ကဲ့သို့သော မြို့ကြီးများကိုသာ သွားရောက်အလုပ်ရှာဖွေနေကြပြီး ဒေသတွင်းလုပ်ငန်းတွေဟာ ယနေ့တိုင်ကို ယိုင်လဲနေခဲ့ပါတယ်။ နာဂစ်မုန်တိုင်းကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရတဲ့ လပွတ္တာမြို့နယ်ရဲ့ အဓိကဒေသတွင်းလုပ်ငန်းတွေဟာ လယ်ယာလုပ်ငန်း၊ ဆားလုပ်ငန်းနဲ့ရေလုပ်ငန်းတွေပဲဖြစ်ပါတယ်။

ရေငန်ဝင်ရောက်ပျက်စီးခဲ့ရတဲ့ လယ်တွေအတွက် ရေငန်တားတာတွေကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်။ မြို့နယ်အတွင်းမှာရှိတဲ့ လယ်ယာအားလုံးအတွက် ပြည့်စုံလုံလောက်တဲ့ ရေငန်တားတာတွေကတော့ ဒီနေ့အချိန်အထိ မရရှိသေးပါဘူး။ တာပြင်လယ်ယာတွေဟာ ဒေသခံတွေ မပိုင်ဆိုင်တဲ့ ကဏန်းပျော့မွေးမြူရေးကန်တွေအဖြစ် အသွင်ပြောင်းခဲ့တာ ကြာမြင့်လှပါပြီ။ မတည်ငြိမ်တဲ့ စပါးစျေးနှုန်းတွေ၊ ရာသီအဖျက်တွေနဲ့ တောင်သူတွေဟာ လည်ပတ်ခက်ခက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကပ်ဆိုးကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ခဲ့ရတာ၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လည်ပတ်မှု ရပ်တန့်သွားရတဲ့ လုပ်ငန်းတွေကြောင့် တောင်သူများရဲ့ စပါးစျေးနှုန်းမျှော်လင့်ချက်ဟာ မျှော်တိုင်းဝေးရပြန်ပါတယ်။ ပြန်လည်တည်ဆောက်ဖို့ တည်ငြိမ်လုဆဲမှာ ထပ်မံရင်ဆိုင်ရတဲ့ အခက်အခဲပါပဲ။

လယ်ယာလုပ်ငန်းအပြင်ဒေသရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ နေလှမ်းဆားချက်လုပ်ခြင်း လုပ်ငန်းကတော့ မတတ်သာလို့သာ ရှေ့ဆက်နေရပေမဲ့ အကျိုးအမြတ်ရယ်လို့ ရှာတွေ့ဖို့ခက်ဆဲပါပဲ။ သဘာဝနေလှမ်းဆား ထုတ်လုပ်ခြင်းဟာ နာဂစ်မုန်တိုင်းပြီးချိန်မှ စတင်ကာ နှစ်စဉ်အရှုံးပေါ်မှုကြောင့် ဆားတောင်သူဦးရေဟာ နာဂစ်မုန်တိုင်း မတိုက်ခတ်မီ အချိန်နဲ့နှိုင်းယှဉ်ပါက သုံးပုံနှစ်ပုံအထိကို လျှော့နည်းခဲ့ရပါပြီ။ အချက်အလက်များအရ  ၂၀၀၈-၂၀၀၉ ခုနှစ် ဆားရာသီတွင် နေလှမ်းဆားလုပ်ကိုင်သည့် ဆားတောင်သူဦးရေ ၈၀၃ ဦးအထိရှိပြီး ဆားလုပ်ကွက် ၃၀၃၇၇ ဧကလုပ်ကိုင်ခဲ့ကာ ဆားမက်ထရစ်တန်ချိန် ၁၇၀၈၄၈ တန်ထွက်ရှိခဲ့ကြောင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ် ဆားရာသီတွင် နေလှမ်းဆားလုပ်ကိုင်သည့် ဆားတောင်သူ ၈၀၂ ဦးရှိပြီး ဆားလုပ်ကွက် ၃၀၉၈၂ ဧက လုပ်ကိုင်ခဲ့ကာ ဆားမက်ထရစ်တန်ချိန် ၃၂၅၃၆၄ တန် ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၀-၂၀၁၁ ခုနှစ် ဆားရာသီတွင် နေလှမ်းဆားလုပ်ကိုင်သည့် ဆားတောင်သူဦးရေ ၅၉၀ ရှိပြီး ဆားလုပ်ကွက်ဧကမှာ ၂၃၈၈၇ ဧက လုပ်ကိုင်ခဲ့ကာ ဆားမက်ထရစ်တန်ချိန် ၈၅၇၅၁ တန် ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၁ -၂၀၁၂ ခုနှစ် ဆားရာသီတွင် ဆားတောင်သူဦးရေ ၅၀၄ ဦးရှိပြီး ဆားလုပ်ကွက် ၂၀၇၁၅  ဧက လုပ်ကိုင်ခဲ့ကာ ဆားမက်ထရစ်တန်ချိန် ၁၄၇၅၃၃ တန်ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ် ဆားရာသီတွင် ဆားတောင်သူဦးရေ ၄၈၅ ဦးရှိကာ ဆားလုပ်ကွက် ၁၈၉၆၆ ဧကရှိကာ ဆားမက်ထရစ်တန်ချိန် ၁၅၇၇၂၅ တန် ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၃- ၂၀၁၄ ခုနှစ် ဆားရာသီတွင် ဆားတောင်သူဦးရေ ၃၅၂ ဦးရှိပြီး ဆားလုပ်ကွက် ၁၄၃၆၃ ဧက လုပ်ကိုင်ခဲ့ကာ ဆားမက်ထရစ်တန်ချိန် ၁၂၅၃၃၄ တန် ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဆားရာသီတွင် ဆားတောင်သူဦးရေ ၃၆၇ ဦးရှိပြီး ဆားလုပ်ကွက်  ၁၅၁၇၂ ဧက လုပ်ကိုင်ခဲ့ကာ ဆားမက်ထရစ်တန်ချိန် ၈၁၇၃၈ တန် ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဆားရာသီတွင် ဆားတောင်သူဦးရေ ၄၃၂ ဦးရှိပြီး ဆားလုပ်ကွက် ၁၇၁၁၈ ဧကရှိပြီး ဆားမက်ထရစ်တန်ချိန် ၁၄၀၂၈၆ တန် ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ် ဆားရာသီတွင် ဆားတောင်သူဦးရေ ၃၉၁ ဦးရှိပြီး ဆားလုပ်ကွက်ဧက ၁၅၅၈၇ ဧကရှိပြီး ဆားမက်ထရစ်တန်ချိန် ၁၀၁၄၄၂ တန်ထွက်ရှိခဲ့ကြောင်း သိရပါတယ်။       

၂၀၁၉-၂၀၂၀ ဆားရာသီကနေ စတင်ပြီးတော့ နှစ်နှစ်ခန့် ဆားစျေးနှုန်း အဆင်ပြေခဲ့တာကြောင့် ဆားတောင်သူတွေ ပြန်လည်လုပ်ငန်းခွင် ဝင်ရောက်လာခဲ့ပေမဲ့ ကိုဗစ်ကပ်ဆိုးနဲ့ ဖျက်မိုးတွေကြောင့် အရှုံးနဲ့ ပြန်လည်ရင်ဆိုင်ရပါတယ်။

“ဒီနှစ်က ဆားထွက်စချိန်မှာ ဆားကြမ်းက တစ်ပိဿာကို ၄၀ လောက်ပဲရတယ်။ အခု ၈၀ လောက် ဖြစ်တာ။ ၈၀ ဆိုပေမဲ့ ဆားတောင်သူတွေလက်ထဲမှာ ဆားမရှိတော့ဘူးလေ အရင်းအနှီးအတွက် ကြိုရောင်းရတယ်။ ကုန်သည်လက်ထဲမှာပဲ ဆားကရှိနေတာ။ အရှုံးကို ထပ်ကြုံရတာပဲ” လို့ လပွတ္တာမြို့နယ်က ကိုအောင်မိုးဝင်းက ပြောပါတယ်။

ရေထွက်ကုန်လုပ်ငန်းများမှာတော့ လပွတ္တာရဲ့အဓိကရေထွက်ကုန်ဟာ ကဏန်းပါပဲ။ ကဏန်းရဲ့ အဓိကစျေးကွက်လားရာဟာ တရုတ်စျေးကွက်ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကပ်ဆိုးကြောင့် ကုန်စည်ပို့ဆောင်မှု ရပ်နားလိုက်ရချိန်မှာ လပွတ္တာမြို့ရဲ့ ကဏန်းစျေးကွက်ဟာ ပြည်တွင်းပိုလျှံမှုနဲ့အတူ လည်ပတ်မှုတွေ ရပ်တန့်ရပြန်ပါတယ်။ ထက်ဝက်ချိုးမက ကျဆင်းရတဲ့ကဏန်း စျေးနှုန်းကြောင့် ကုန်သည်လည်းအကျိုးမဲ့ ရေလုပ်သားလည်း ဝမ်းစာသက်သက်တောင် မဖူလုံနိုင်ဘဲ ဖြစ်ရပါတယ်။

ဒေသရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြိုပျက်မှုနဲ့အတူ သဘာဝဘေးတွေကြောင့် လာရောက်ရင်းနှီးမြှုပ်နှံလိုသူတွေ  ကင်းမဲ့နေတာကလည်း နာဂစ်မုန်တိုင်းအပြီး ပြန်လည်ဦးမော့ဖို့ မဖြစ်နိုင်တဲ့အရာများပဲ ဖြစ်ပါတယ်။

နာဂစ်ဒေသရဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် မြို့ပြဒေသကြီးများကို သွားရောက်အလုပ်ကိုင်ကိုင်နေရတဲ့ လူငယ်များစွာဟာလည်း ကိုဗစ်ရောဂါကပ်ဆိုးနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒေသကို ပြန်လည်လာရောက်မနေကြဘဲ အလုပ်အကိုင်ရှားပါးမှုနဲ့အတူ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးများမှာပါ နိမ့်ကျလာပါတယ်။

ကုန်းလမ်းရရှိတဲ့ ကျေးရွာအချို့က ရပ်တည်နိုင်မှုထက် ရေလမ်းသာ အားကိုးရတဲ့ ကျေးရွာများရဲ့ ယုတ်လျော့မှုက ပိုမိုများပြားနေတာဟာ သဘာဝဘေးတွေကြောင့် ခက်ခဲတဲ့ လမ်းပန်းဆက်သွယ်ရေးကို လူတွေဟာ ကြောက်ရွံ့မှုတွေကြောင့်ပါပဲ။

လပွတ္တာမြို့ကနေ ကုန်းလမ်းခရီးရရှိတဲ့ သင်္ကန်းကြီးကျေးရွာရဲ့ ပြည်လည်ရပ်တည်နိုင်မှုနဲ့ ကုန်းလမ်းခရီး ယခုတိုင်မရောက်ရှိသေးတဲ့ ပြင်စလူမြို့ရဲ့ ဖွံ့ဖြိုးမှုဟာ ကွာဟနေပါတယ်။ လိုအပ်နေတဲ့ တံတားတွေကိုသာ တည်ဆောက်ပေးနိုင်မယ်ဆိုရင် ပြန်လည်ဖွံ့ဖြိုးစည်ကားလာမယ်လို့ ထင်ပါတယ်။

ကိုဗစ်ရောဂါကပ်ဆိုးနဲ့ နိုင်ငံရဲ့ မတည်ငြိမ်မှုတွေအကြားမှာ လှိုင်းလေသံကြားမှာ ထိတ်လန့်နေရဆဲ နာဂစ်ဒဏ်သင့်ဒေသတွေအတွက် ပျက်ယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်၊ ဖောက်ပြန်လာတဲ့ ရာသီဥတုဟာ ဒဏ်ရာအနာမကျက်သေးတဲ့ ဒေသခံတွေကို ဆက်လက်ခက်ခဲနေဆဲပါပဲ။                      

Most Read

Most Recent